စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တောင်ပိုင်းတွင် ပျူစောထီးစစ်ကြောင်းကို PLAက စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး လေးဦးခန့်သေဆုံးနိုင်ကြောင်း PLAမှ ရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ယမန်နေ့(မတ် ၅ရက်)၊ မနက် ၅နာရီခွဲခန့်တွင် တန့်ဆည်မြို့မှ ကန့်ဘလူမြို့နယ်သို့ ပြန်လာသည့် ဦးဝါသ၀၏ ပျူစောထီးစစ်ကြောင်းကို PLAနှင့် မဟာမိတ်ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ သတင်းကြိုရလို့ စောင့်တိုက်တာပါ၊ ဝါသဝပျူစစ်ကြောင်းပါ၊ ကျတော်တို့ဘက်က အထိအခိုက်မရှိပါဘူး။ ပျူကတော့ နှစ်ယောက်ကနေ လေးယောက်အထိ သေနိုင်တယ်” ဟု PLAမှ ရဲဘော်တစ်ဦးကပြောသည်။
အင်အား ၁၅၀ခန့်ပါရှိသည့် ပျူစစ်ကြောင်းကို ဒေသခံကာကွယ်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့များဖြစ်သည့် PLA၊TCRF(PLA)၊ မုံတိုင်ပင်(ပကဖ)၊ တက်သစ်(ပကဖ)၊ ကျောက်တိုင်(ပကဖ) တို့က အင်အား ၄၀ခန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ တိုက်ပွဲကြာချိန်က မိနစ် ၂၀လောက်ပါဘဲ။ကျတော်တို့က စောင့်ပြီးတိုက်တာဆိုတော့ အသာစီးရလိုက်တာပါ။” ဟု ဒေသခံကာကွယ်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် ပျူစောထီးစစ်ကြောင်းသည် သာကေတရွာမှ အိတ်တစ်လုံးနှင့် ဆိုင်ကယ် ၉စီးကို မီးရှို့ဖျက်ဆီးပြီးနောက် နာဋောင်းကျရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
“ လမ်းမှာ ကြားဖြတ်အတိုက်ခံလိုက်ရတော့ ရွာထဲဝင်ပြီး သောင်းကျန်းသွားတာ၊ အိမ်တစ်လုံးနဲ့ဆိုင်ကယ် ကိုးစီးကို မီးရှို့သွားတယ်။စစ်ကြောင်းလာတော့ ကျတော်တို့လည်း ပြေးရတာပေါ့” ဟု သာကေတရွာသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလအတွင်း ကန့်ဘလူနယ်၌ ဦးဝါသဝဦးဆောင်သည့် ပျူစောထီးစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီးအများအပြားသေဆုံးခဲ့သေးသည်။