ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ပုဂံကျေးရွာအတွင်းရှိ ပြည်သူများကို ပြည်သူ့စစ်ဖွဲ့စည်းရန် မဲနှိုက်ခိုင်းရာတွင် မဲပေါက်သည့် အသက် ၅၀ ကျော်အရွယ်ပြည်သူများပါ စစ်သင်တန်းမဖြစ်မနေတက်ရောက်ရမည်ဟု ဖိအားပေး ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အထက်ပါကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေကဦးစီး၍ မတ်လ ၂ ရက်တွင် မိမိကျေးရွာအား ကာကွယ်ရန်အတွက်ဟုဆိုကာ ကျေးရွာအတွင်းရှိ လူနေအိမ်တစ်အိမ်လျှင် ၁ ယောက်နှုန်းဖြင့် ကျေးရွာနေပြည်သူများအား မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၄၀ အရွယ်ရွာခံအမျိုးသမီးတစ်ဦးကပြောသည်။
“အစ်မတို့ရွာမှာက အိမ်ခြေ ၄၀၀ လောက်ရှိတယ်၊ အခုပေါက်မဲက ၄၀ ထည့်ထားတာ။ မဲပေါက်တဲ့ ၄၀ ထဲမှာ အုပ်ချုပ်ရေးမှူးတို့၊ ရာအိမ်မှူးတို့၊ ကြံ့ခိုင်ရေးထောက်ခံအားပေးတဲ့မိသားစုတွေမပါဘူး။ သာမာန်လက်လုပ်လက်စား ပြည်သူတွေပဲ၊ တမင်အကွက်ချပြီး မဲနှိုက်ခိုင်းတာလို့ပဲ အစ်မတို့ကထင်တယ် ”ဟု ၎င်းက ရှင်းပြသည်။
မဲပေါက်သူ ၄၀ ဦးတွင် အသက် ၅၀ ကျော်အရွယ် လူကြီးများလည်းပါဝင်ပြီး မဲပေါက်သူများစစ်သင်တန်းမတက်ရောက်ဘဲ ထွက်ပြေးတိမ်းရှောင်ပါက မိသားစုကို ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေကပြောဆိုခြိမ်းခြောက်နေကြောင်း အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“အခုမဲပေါက်တဲ့ ၄၀ ထဲမှာ အသက် ၅၀ ကျော် အရွယ်က ၈ ယောက်လောက်ပါတယ်။ တချို့က ၆၀ နားကပ်နေပြီ၊ သားသမီးတွေကအဝေးတွေမှာအလုပ်သွားလုပ်နေတာနဲ့၊ အိမ်ထောင်တွေကျသွားတာနဲ့ ဆိုတော့ အစားထိုးပြီး သင်တန်းတက်ခိုင်းလို့မရဘူး။ သင်တန်းမတက်ဘဲ ထွက်ပြေးရင် မိသားစုကိုဖမ်းမယ်ပြောတော့ မဖြစ်မနေသင်တန်းတက်ရမလိုဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
စစ်သင်တန်းတက်ရန် မဲမပေါက်သည့် အိမ်ထောင်စုများအနေဖြင့်လည်း သင်တန်းတက်ရမည့် ပြည်သူ့စစ်များအား ထောက်ပံ့ရန်အတွက်ဟုဆိုကာ ငွေကြေးများတောင်းခံနေကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“တစ်လကို ၂ သောင်း ပေးရမယ်တဲ့၊ လစဉ်ပေးရမှာတဲ့၊ နောက်ရက်ကို စုမယ်တဲ့၊ သင်တန်းသွားမယ့်သူတွေကို ထောက်ပံ့ဖို့လို့ပြောတယ်။ ပြီးတော့အခုမနက် ထပ်ကြားတာက သင်တန်းမတက်ချင်တဲ့သူတွေ ၁၅ သိန်းပေးရမယ်တဲ့၊ လူအစားထည့်ပေးမယ်လို့ အုပ်ချုပ်ရေးမှူးကခေါ်ပြောတာ၊ သင်တန်းကနောက်ရက်သွားရမယ်တဲ့၊ ရက်အတိကျတော့မပြောဘူး”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီအလိုကျ ပြည်သူများကို အတင်းအဓမ္မခြိမ်းခြောက်ပြီး စစ်သင်တန်းတက်ခိုင်းနေသူများကိုလည်း ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဝေါမြို့နယ် ပကဖ ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျွန်တော်တို့ အမြန်ဆုံးအရေးယူနိုင်အောင်ဆောင်ရွက်သွားမှာပါ၊ သူတို့မှာက (စစ်ကောင်စီ)အင်အားမရှိတော့လို့ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်ပြီးသင်တန်းတက်ခိုင်းနေတာ၊ ရပ်ရွာကာကွယ်ဖို့ဆိုပြီးလိမ်ပြောနေတာ၊ ပြီးရင်ရှေ့တန်းပို့တော့မှာ၊ သင်တန်းတက်နေရတဲ့ပြည်သူတွေလည်း ကျွန်တော်တို့ကို ဆက်သွယ်ပါ၊ အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ကတိပြုပြောသည်။
သူရဲသမိန်၊ မြစ်ကျိုး၊ သံခွန်၊ လက်ပံ၊ ဝိုင်းပတ်၊ ဆင်ရွာအပါအဝင် ဝေါမြို့နယ်ရှိ စစ်ကောင်စီ စိုးမိုးနေရာများတွင် ပြည်သူစစ်ဖွဲ့စည်းရန် အတင်းအဓမ္မလူစုနေခြင်းများပြုလုပ်ပြီး မတ်လအတွင်း ဘုရားကြီးအမြောက်တပ်တွင် စစ်သင်တန်းပေးမည်ဖြစ်ကြောင်း သိရသည်။