ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ တပ်မဟာများကို အကြမ်းဖက် စစ်တပ်မှ ထိုးစစ်ဆင်ရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ တပ်ရင်းများမှ အစောင့်တပ်များသာ ချန်ထားပြီး ကျန်စစ်သားများကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်သို့ စေလွှတ်လိုက်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်မိသားစုဝင်တချို့ထံမှ သိရသည်။
အထူးသဖြင့် တပ်တွင်း လုံခြုံရေးအတွက် ကျန်ရစ်ရမည့်သူများမှလွဲပြီး ကျန်သည့် ခြေလျင် ခြေမြန် တပ်ရင်းရှိ စစ်သည်များကို မွန်ပြည်နယ် သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်များ၊ ကရင်ပြည်နယ် ဘားအံမြို့ အနီးဝန်းကျင်များသို့ အသီးသီးခွဲကာ ယနေ့ကစပြီး စေလွှတ်ကြောင်း တိုက်ကြီးမြို့နယ်ရှိ တပ်ရင်းတခုမှ ဗိုလ်ကြီးတဦး၏ ဇနီးဖြစ်သူက ပြောသည်။
“ သွားပြီ။ ဒီမနက်ပဲ။ ဘားအံလား၊ ကျိုက်ထိုလားတော့ ကျမကို မပြောသွားဘူး။ တိုက်ကြီး၊ မှော်ဘီက တပ်တော်တော်များများက ဆွဲနှုတ်ပြီး သွားကြတာ။ တပ်ရင်းလုံခြုံရေးကတော့ ကျန်တဲ့သူနဲ့ ကျမတို့ပဲ အလှည့်ကျ တာဝန်ယူရတော့မှာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းအတွင်းတွင် ခြေမြန်တပ်ရင်း ၁၁ ရင်းအပြင် ခြေလျင်တပ်ရင်း များ၊ အင်ဂျင်နီယာတပ်၊ အမြှောက်တပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့တပ် စသဖြင့် တပ်မတော်ကြည်း လက်အောက်တွင် တပ်ရင်းများစွာ အခြေစိုက်ထားသည်။
ယခု ထုတ်ယူစေလွှတ်သည့် စစ်သည်အများစုသည် ခြေလျင်တပ်နှင် ခြေမြန်တပ်တို့မှ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ ပဲခူးနဲ့ မွန်ပြည်နယ်ကြားက စစ်တောင်းတံတားကနေ မွန်ပြည်နယ်ဘက်ကို စစ်သားအပြည့်၊ လက်နက်အပြည့်နဲ့ Faw ကား အစီး ၂၀ ဖြတ်သွားတာ တွေ့လိုက်ရတယ်” ဟု ပဲခူးတိုင်း ဝေါမြို့ခံတဦးက MPA သို့ ပြောသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီနှင့် မြေပြင်မှာတိုက်ပွဲများနေ့စဉ်ပြင်းထန်လာပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကာ အကြမ်းဖက် စစ်ကောင်စီဘက်မှ အကျဆုံး များပြားနေလျှက်ရှိသည်။