ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ကော့ကရိတ်မြို့တိုက်ပွဲကြောင့် လမ်းများပိတ်ထားသဖြင့် ရန်ကုန်တွင် သောင်တင်နေကြောင်း ထိုင်းနိုင်ငံသို့သွားရောက်မည့် အလုပ်သမားများကဆိုသည်။
MOU အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာရတော့မည်ဖြစ်သောကြောင့် ရန်ကုန်သို့လာရောက်ရန် ကုမ္ပဏီကခေါ်သဖြင့် ရန်ကုန်ကိုလာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းအတွင်းနေထိုင်သည့် MOU လုပ်သားတစ်ဦးကဆိုသည်။
“အစ်ကိုတို့ စာချုပ်ထားတဲ့ မျိုးလွင်းဦးကုမ္ပဏီကခေါ်လို့ ဒီဇင်ဘာ ၂ ရက်နေ့လောက်တည်းက ရန်ကုန်ရောက်နေတာ၊ စမတ်ကတ်ရိုက်ပြီးမှ မြဝတီ၊ ကော့ကရိတ်ဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေလို့တဲ့ သွားမရသေးဘူးတဲ့၊ အစ်ကိုတို့က ကားနဲ့သွားရမှာ၊ ကားနဲ့မသွားရဲဘူး။ လမ်းခရီးမှာ တစ်ခုခုဖြစ်မှာစိတ်ပူတယ်၊ လေယဉ်နဲ့သွားချင်တာမပို့ပေးဘူး”ဟု ၎င်းကပြောသည်။
ရန်ကုန်တွင် ရက်ရှည်နေထိုင်ရသောကြောင့် စရိတ်များပိုမိုကုန်ကျလာသဖြင့် အမြန်သွားရောက်အလုပ်လုပ်ကိုင်လိုကြောင်း ဆောက်လုပ်ရေးလုပ်ငန်းဖြင့် သွားရောက်လုပ်ကိုင်မည့် ပေါင်းတည်မြို့ခံတစ်ဦးက ပြောသည်။
“အစ်ကိုတို့ရောက်နေတာ ၁၀ ရက်ကျော်ပြီ၊ စရိတ်တွေလဲ တအားကုန်နေတာ၊ ဒါတောင်ကုမ္ပဏီက တစ်ချို့ရက်တွေကျွေးထားလို့၊ အစ်ကိုတို့ ဆောက်လုပ်ရေးနဲ့ သွားမယ့်သူတွေတင် ၁၀၀ ကျော်တယ်၊ ဒီ့ပြင်လုပ်ငန်းနဲ့ သွားမယ့်သူတွေလဲအများကြီး၊ သွားဖို့လုပ်ထားတာ ၅ လလောက်ရှိပြီ၊ စုစုပေါင်းသွားစရိတ်၊ လာစရိတ်တွေနဲ့ဆို သိန်း ၅၀ ဝန်းကျင်ပဲ၊ သူများဆီမှာ အတိုးနဲ့ယူလာရတော့ မြန်မြန်သွားအလုပ်လုပ်ချင်နေပြီ”ဟု ၎င်းကဆိုသည်။
MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူများပေးဆောင်ရသည့် ငွေးကြေးမှာကျပ် ၃၅ သိန်းဝန်းကျင်ရှိပြီး လေယာဉ်ဖြင့်သွားရောက်မည်ဆိုပါက ကျပ် ၁၀ သိန်းခန့် ထပ်မံပေးဆောင်မှ သာအဆင်ပြေနိုင်ကြောင်း အလုပ်သမားအေဂျင်စီတစ်ဦးက ပြောသည်။
“အစ်ကိုတို့ သူတို့ဆီက(အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ)တောင်းတာက ၃၅ သိန်းဝန်းကျင်ပဲ၊ ကားနဲ့ပဲပို့လို့ အဆင်ပြေမှာ၊ လမ်းကြောင်းကောင်းတာနဲ့ပို့မှာပါ၊ လေယာဉ်နဲ့ သွားရမယ်ဆို အနည်းဆုံး ၁၀ သိန်းလောက်ထပ်ပေးမှ ရမှာ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးဆိုးရွားစွာကျဆင်းလာပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်လာသည့်အပြင် အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် ပြည်တွင်းရှိလူငယ်များအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။