နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပုဂ္ဂလိကဘဏ်များတွင်အပ်နှံထားသည့်ငွေများပြန်လည်ထုတ်ယူသူများ ပြားလာသဖြင့် ဘဏ်ငွေထုတ်ရာတွင် အကန့်အသတ်ဖြင့်သာ ပြန်လည်ထုတ်ပေးနေကြောင်း မန္တလေး မြို့တွင်နေထိုင်သူများကဆိုသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံအနှံ့ စခန်းသိမ်းတိုက်ပွဲများ၊ မြို့သိမ်း တိုက်ပွဲများဖြစ်ပွားလာပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြို့ကြီးများတွင်နေထိုင်သူများမှာ ဘဏ်အပ် ငွေများ ပြန်လည်ထုတ်ယူမှုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးကဆိုသည်။
“ ဘယ်အချိန်ဘာဖြစ်မယ်မှန်းမသိတဲ့အခြေအနေတစ်ခုမှာ ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေဆုဆောင်းထားတဲ့ အရာဆိုတော့ ကိုယ်ပိုက်ဆံကို အပြည့်အဝလိုချင်တယ်၊ ဘယ်လိုအကြောင်းနဲ့မှ အဆုံးအရှုံးမခံနိုင်ဘူး” ဟု ၎င်းကဆိုသည်။
ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများပြားလာသဖြင့် ငွေထုတ်သူတစ်ဦးလျှင် အများဆုံးကျပ်သိန်း ၂၀ ခန့်သာထုတ်ယူ၍ရပြီး ငွေထုတ်ရာတွင်လည်း အနည်းဆုံး ၄၅ မိနစ်ခန့်စောင့်ဆိုင်ရကြောင်း မင်္ဂလာ မန္တလေးဘဏ်တွင် ကိုယ်တိုင်ငွေသွားထုတ်ခဲ့သူတစ်ဦးကဆိုသည်။
“ ဒီနေ့တော့ တစ်ယောက်ကို (၂၀) ထုတ်ပေးတယ် ၊ ငွေလွှဲလွှဲ၊ ထုတ်ထုတ် ၊ တဖက်ကလွှဲမယ့်ဘဏ်ကို လည်း လှမ်းမေးတယ် ဒီ Amount လွှဲချင်တယ်၊ ဒီလောက်ရလား ၊ ရတယ် confirm ဖြစ်တယ်ဆိုမှ တစ် ဖက်ဘဏ်ကို လွှဲပေးတယ်” ဟု ၎င်းကဆိုသည်။
ပုဂ္ဂလိကဘဏ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးကလည်း “ ဗဟိုဘဏ်ကနေ အကန့်အ သတ်နဲ့ဖြစ်တော့ ဒီပုဂ္ဂလိကဘဏ်တွေမှာပါ အကန့်အသတ်ဖြစ်လာတာ၊ တချို့ဘဏ်တွေကတော့ (၁၀) သိန်း ၊ သိန်း(၂၀) ပဲ ထုတ်ပေးတာ။ဘဏ်မှာရှိတဲ့ပိုက်ဆံပေါ်မူတည်ပြီး လာထုတ်တဲ့သူ ကိုမျှပေးနေရ တယ်” ဟုဆိုသည်။
ဘဏ်များတွင် အငွေအကန့်အသတ်ဖြင့်ထုတ်ပေနေခြင်းကြောင့် Kpay ဖြင့်ထုတ်ယူသူများမှာလည်း ငွေ ထုတ်ခ၊ လွှဲခများပိုပေးနေရပြီး ငွေကျပ်တစ်သိန်းလျှင် ကျပ် ၁၀၀၀ ခန့်ကောက်ခံသည့်ဆိုင်များရှိသလို ကျပ် ၅၀၀ ခန့်ကောက်ခံသည့်နေရာများလည်းရှိကြောင်း မြို့ခံတစ်ဦးကဆိုသည်။
ယခုကဲ့သို့ပုဂ္ဂလိကဘဏ်များတွင် ငွေအကန့်အသတ်ဖြင့် ထုတ်ပေးနေမှုသည် ယခုအခါတွင် ဒုတိယအ ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်းကလည်း ငွေထုတ်ယူသူများပြားခြင်းကြောင့် ပုဂ္ဂလိကဘဏ်များ ကအကန့်အသတ်ဖြင့် ငွေထုတ်ပေးမှုများဖြစ်ပွားခဲ့သေးသည်။