စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင်း လမ်းမပေါ်ရှိပြည်သူများကို ယနေ့ နံနက်ပိုင်း ၌ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက်ပိုင်း၌ ချောင်းဦးမြို့တွင်းရှိ လက်ဖက်ရည်ဆိုင် ထိုင်နေသူများနှင့် လမ်းသွားလမ်းလာများကို ယူနီဖောင်းမဝတ်ထားသော စစ်သား၊ရဲနှင့်ပျူစောထီးတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံ သိရသည်။
“ ဖမ်းခံရတာ တော့ များတယ်။ ၃၀ ၀န်းကျင်လောက် ရှိမယ်။ သူတို့ ကား တစ်စီးတိုက်လောက်ပေါ့။ အတိအကျတော့ မသိရဘူး ။ ရဲစခန်းနဲ့ အဲနားက ဈေးဘေး တွေ ခေါ်သွားတယ်၊မထင်ရင် မထင်သလို ရိုက်တာ နှက်တာတွေလည်း ရှိတယ်” ဟု ချောင်းဦး မြို့ခံ တစ်ဦးက ပြောသည်။
မြို့အတွင်း နေရာအနှံ့အပြား၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံ ရသူများ၌ အမျိုးသမီးများ လည်း ပါ၀င်ကြောင်း သိရသည်။
“ ကျနော်လည်း ဖမ်းဆီးနေတယ် ကြားလို့ မြို့ပြင် ထွက်လာတာ ။အဲတော့ ဘယ်လောက်ထိ ပါသွားပြီလဲတော့ သေချာ မသိေတာ့ဘူး” ဟု မြို့ပြင်သို့ ထွက်ပြေးတိမ်းရှောင်သွားသော ပြည်သူ တစ်ဦးက ပြောသည်။
ချောင်းဦးမြို့တွင်းရှိ စစ်တပ်သည် PDF တို့ဝင်ရောက်စီးနင်းတိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်နေ သလို ညဘက်၌ ချောင်းဦးမြို့တွင်း ကင်းမလှည့်ရဲတော့ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြ နေသည့် ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြသည်။
ထို့အပြင်ချောင်းဦး မြို့တွင်းရှိ ရပ်ကွက်များသို့ ၆၀(မမ)စိန်ပြောင်းဖြင့် ညစဉ်လိုလို ပစ်ခတ်နေကြောင်းလည်း ဆိုသည်။
မြို့ပြင်သို့ တိမ်းရှောင်သွားသော ပြည်သူတစ်ဦးက “ ဟိုနေ့က မြို့အ၀င် ဂိတ်ကို သိမ်းထားတော့ မြို့ကိုပါသိမ်းမှာ ကြောက်ပြီး လုပ်မိလုပ်ရာ လုပ်နေတာ နေမယ် ။သူတို့ လုပ်တတ်တာ ဒါပဲ ရှိတာကိုး” ဟု ပြောသည်။
နိုဝင်ဘာ၄ရက်နေ့က ချောင်းဦးမြို့နယ်အတွင်း မုံရွာ – မန္တလေးကားလမ်းမကြီးဘေးရှိ စစ်တပ်အထိုင်စ ခန်းကို PDFပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၁၄ဦးသေဆုံးခဲ့ကြောင်း PDF ဘက်က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၅ ရက်နေ့ ကလည်း ချောင်းဦးမြို့မရဲစခန်းရှေ့ ဖြတ်သွားသော လူငယ်အချို့ကို စစ်တပ်က ဖမ်းဆီးကာ ဒူးထောက်ထားခိုင်းပြီး စစ်ဆေး နေကြောင်း ဒေသခံအချို့ထံက သိရသည်။