ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ကျောင်းကြီးလမ်းရပ်ကွက် ၊ စစ်ကောင်စီပြည်နယ်ရုံးအနီးရှိ ကြေးနန်းရုံးရှေ့တွင် ယနေ့ (စက်တင်ဘာ ၁၅) ရက်နေ့ နေလယ် ၁၂ နာရီကျော် က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ဟုတ်ပါတယ်။ ၁၂နာရီကျော်လောက်က ပစ်ခတ်မှု ဖြစ်တာ။ တစ်ယောက်တော့ ထိသွားတယ်။ ဘယ်သူ ဘယ်အဖွဲ့တွေက ပစ်တယ်ဆိုတာတော့ မသိဘူး။ လူတစ်ယောက်တော့ ခေါင်းပွင့်ပြီး သေသွားတယ်။ သေတဲ့သူကတော့ အရပ်ဝတ်နဲ့ပဲ။ ပစ်တဲ့သူကလည်း အရပ်ဝတ်နဲ့ပဲ”ဟု စစ်တွေမြို့မှ ယင်းပစ်ခတ်မှုဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးမှ ပြောသည်။
ယင်း ပစ်ခတ်မှုသည် စစ်တွေမြို့ စစ်ကောင်စီပြည်နယ်ရုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ၎င်းနေရာသည် စစ်တပ်မှ ဂိတ်ချထားခြင်းမျိုး မရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“စစ်တပ်က ဘန်ကာတွေဘာတွေနဲ့ ဂိတ်ချထားတာမျိုးကတော့ မရှိပါဘူး။ ဖြစ်တာက ကွမ်းယာဆိုင်နားမှာ။ ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ။ အခုတော့ စစ်သားတွေရောက်နေပြီး စစ်ဆေးရေးတွေ လုပ်နေပါတယ်”ဟု စစ်တွေ ဒေသခံတစ်ဦးမှ ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သူသည် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ အနီးကပ် ပစ်ခတ်ခံရမှုကြောင်း ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
“ဘယ်က ပစ်တာလဲ ဆိုတာတော့ မသိပါဘူး။ ကျွန်တော်တို့က ပစ်ခတ်မှု ဖြစ်ပြီးတော့ သတင်းပို့ချက်ရတာနဲ့ သေဆုံးသွားတဲ့သူကို ရင်ခွဲရုံကို ပို့ခဲ့ပါတယ်။ ထိတာတော့ တစ်ယောက်တည်းပဲ ထိတာ။ အသက်ကတော့ ၃၀လောက်ရှိပါပြီ။ အမျိုးသားပါ”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့ဝင်တစ်ဦးမှ MPAသို့ ပြောသည်။
သေနတ်ပစ်ခတ်မှုကြောင့် အနီးအနားရှိ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်လျက်ရှိကာ စစ်ကောင်စီတပ်သားများမှ မေးမြန်းမှုများပြုလုပ်နေသလို ယင်းပစ်ခတ်မှုကြောင့် စစ်တွေမြို့၏ နေရာအများစုကိုလည်း စစ်ကောင်စီတပ် ဖွဲ့ဝင်များမှ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။