ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ၇ မိုင်အကွာတွင်ရှိသည့် လက်ခတ်တောင်၊ ဘုရားဌာပနာများနှင့် ပတ်သက်၍ ယခုရက်ပိုင်းအတွင်း သတင်းတစ်ခု ပျံ့နှံ့လျက်ရှိသည်။ ယင်းသတင်းသည် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များမှ စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ ချန်နယ်များ၏ ဖော်ပြချက်တွင် “ဘာသာမဲ့ KNU၊ PDF သူပုန်များက လက်ခတ်တောင်ပေါ်ရှိ ဘုရားများမှ ဌာပနာများ ဖောက်ထွင်းနေ” (မူရင်းအရေးအသား) ဟု ဖော်ပြခဲ့ခြင်းသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၄ မိနစ်တွင် Ko Thet ဆိုသည့် တယ်လီဂရမ်ချန်နယ်မှ စတင်ပျံ့နှံ့ခဲ့သည့် ယင်းသတင်းသည် နောက်ထပ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ် ၄ ခုသို့ ရောက်ရှိခဲ့ပြီး Ko Thet ချန်နယ်အကောင့်တစ်ခုတည်းပင် တုံ့ပြန်မှု ၇၀၀ နီးပါးရှိခဲ့ပြီး ကြည့်ရှုသူ သုံးသောင်းခွဲကျော် ရှိခဲ့သည်။
ယင်းသတင်းအား MPA အနေဖြင့် အတည်ပြုခဲ့ရာတွင် “ဘုရားဌာပနာ ဘယ်လိုလုပ်ရှိမလဲ ဘုရားအောက်မှာ ဘန်ကာအထူကြီးတွေချည်းပဲ။ ပြီးရင် ဘုရားတင်မဟုတ်ဘူး သိုက်ရုပ်ထုတွေ၊ ဘီလူးရုပ်ထုတွေရှိတယ်။ အင်းတွေလျှောက်လုပ်ထားတာအများကြီးပဲ။ ဘုရားကို တူးဖို့နေနေသာသာ ဘန်ကာတွေမှ အထူကြီး”ဟု လက်ခတ်တောင်နှင့် ပတ်သက်၍ နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ရှင်းပြသည်။
Ko Thet တယ်လီဂရမ်ချန်နယ်မှ ရေးတင်သည့် ထိုအကြောင်းအရာတွင် နောက်ထပ်တစ်ခုအနေဖြင့် “လက်ခတ်တောင်ပေါ်ကနေ (24) ရက်နေ့မှစပြီး ကိုဘရာနဲ့ ကျားနက်အဖွဲ့က မသေဘဲ ကျန်တဲ့ကောင်တွေ ၂၀၀ ခန့်ထဲက ငါးယောက်တတွဲ တောင်ပေါ်က ဆင်းပြီးဆုတ်ခွာနေပြီဟုသိရ”ဆိုသည့် ရေးသားမှုကို ထပ်မံတွေ့ရပြီး ယင်းချန်နယ်အနေဖြင့် သတင်းပေးပြည်သူတစ်ဦးဟုဆိုကာ Crd ပေးထားသည်။ ဩဂုတ် ၁၅ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တစ်ကြိမ်စီတိုက်ခိုက်ခဲ့ပြီး ၁၈ ရက်နေ့ တိုက်ခိုက်မှုတွင် ဘုရားအချို့နှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့သော်လည်း စေတီမပျက်စီးခဲ့ဟု ဆိုကာ လက်ရှိတွင်လည်း မည်သည့်ပြည်သူကမှ လက်ခတ်တောင်သို့ တက်ခွင့်မရ၊ တက်ခွင့်မရှိကြောင်း မြေပြင်ရဲဘော်တစ်ဦးက အတည်ပြုသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်စောကော်က ၎င်း၏ လူမှုကွန်ရက်တွင် “လေသိပ်မထွားနဲ့ လက်ခတ်တောင်ပေါ်မှာ မင်းအဖေ Cobra တွေဘဲရှိတယ်။ ဘယ်အဖွဲ့စည်းမှ မရှိဘူး”ဆိုသည့် စာအား ရေးသားထားသည်ကို တွေ့ရှိရပြီး “ လက်ခတ်တောင်ပေါ်တက်လာ ရှိသမျှစေတီ video record လုပ်ရင် ပိုသေချာလိမ့်မယ်။ တော်လှန်ရေးသမားတွေလေ ဘယ်လို ဘုရားဌာပနာ ဖောက်ရမှာလဲ။ စကစ ကောလာဟလကို အခုထိ ယုံနေကြတုန်းလား” ဟု MPA သို့ ဖြေကြားပေးသည်။ MPA အနေဖြင့် အဆိုပါသတင်းနှင့် ပတ်သက်ပြီး နီးစပ်သည့် သတင်းအရင်းအမြစ် (၄) ဦးအား ဆက်သွယ်မေးမြန်းခဲ့ပြီးနောက် ယင်းသတင်းမှာ အမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။