မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေခြင်းကြောင့် ရွာ၆ရွာမှာ ပြည်သူ၃၀၀၀ ဝန်းကျင် နေရပ်စွန့် ခွာထွက်ပြေးနေရကြောင်း သိရသည်။
သြဂုတ်၁၆ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် စစ်ကြောင်း ၂ ကြောင်းညှပ်၍ လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်ပြီးငါန်းဇွန်မြို့နယ်၊ အောင်သုခကျေးရွာသို့ ဝင်ရောက်ကာ နေအိမ် ၆၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ငါန်းဇွန်ပကဖထံကသိရသည်။
စစ်ကြောင်းတစ်ကြောင်းမှာအင်အား ၇၀ကျော်ရှိပြီး မြင်းခြံမြို့နယ်၊ဆီမီးခုံဆိပ်ကမ်းမှ ဧရာဝတီမြစ်အတိုင်း စစ်ကောင်စီ သင်္ဘော ၂ စီးနှင့် စက်လှေ ၆ စီးဖြင့် စုန်ဆင်းလာကာ ငါန်းဇွန်မြို့နယ် ရဲဗဒိုင်းဆိပ်ကမ်း၌တပ်စွဲထားကြောင်း နောက်ထပ် စစ်ကြောင်းတစ်ကြောင်းမှာ ငါန်းဇွန်မြို့ပေါ်မှ စစ်သားအင်အား၇၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာကာ ကံသာကျေးရွာ၌တပ်စွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရသည်။
“ရေကြောင်း ကနေ ၁ ကြောင်းလာတယ်။ကုန်းကြောင်းကနေ ၁ ကြောင်းလာတယ်။အောင်သုခရွာကို မီးရှို့ပြီး သူတို့လာတဲ့ ရဲဗဒန်းကျေးရွာနဲ့သားကျင်ကျေးရွာကို ပြန်ပြီးတပ်စွဲနေတယ်။သားကျင်ကိုပြန်တဲ့လမ်းမှာ ချောင်းကို အကူးမှာ ထော်လာဂျီပြုတ်ကျပြီး စစ်သား ၁ ယောက်သေတယ်လို့သိရတယ်။အတည်တော့မပြုနိုင်သေးပါဘူး။အဲ့လိုစစ်ကြောင်းထိုးနေလို့ အောင်သာရွာကို ထိန်းထားတဲ့သဘော။ ပြည်သူတွေလည်းပိတ်မိနေတယ်။ဒါပေမဲ့ အောင်သာကို ဘာမှလုပ်မသွားဘူး။အောင်သုခ ကိုပဲ မီးရှို့ပြီးပြန်ဆုတ်သွားတာ”ဟု ငါန်းဇွန်ပကဖ တာဝန်ရှိသူက ပြောသည်။
ယင်းသို့စစ်ကြောင်းထိုးနေခြင်းကြောင့် ရေလယ်သောင်၊အောင်သုခ၊လင်္ကာဒီပ၊ရက္ခဒီပ၊ကံသာနှင့်ကံလှကျေးရွာများမှ အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်စစ်ရှောင်နေရခြင်းဖြစ်သည်။
“သူတို့က နေ့ပိုင်းဖြစ်နေတော့ သူတို့လှုပ်ရှားမှုကိုမပြချင်ဘူး။အောင်သုခ အလွန် ရဲဗဒန်းမှာ ကမ်းကပ်ထားပေးတယ်။မြစ် မြောက်ဘက်မှာ ရှိနေတဲ့ ရွာတွေဘက်သွားမှာလိုလိုလုပ်ထားတာ။ညနေပိုင်းမှာ ရဲဗဒန်းရွာက လူတွေလည်းပြေးကြတယ်။ရဲဗဒန်းရွာသား ၁ ဦးကိုလည်း ဖမ်းထားတယ်။နောက်တစ်ကြောင်းက ငါန်းဇွန်မြို့ပေါ်ကနေ သားကျင်ရွာကို ဝင်ပြီး ရေဆင်းရွာက ထွေလာဂျီ ၁ စီးကို ချောဆွဲတယ်။စစ်ရှောင်တွေကက တော့အကုန်နီးပါးရှောင်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သြဂုတ် ၅ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ရေလယ်သောင်ရွာသို့ စစ်ကောင်စီ တပ်က သေနတ်ပစ်ခတ်ဝင်ရောက်ခဲ့ရာ ရွာသား ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သေးသည်။