စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ပေါ်ရှိ ပြည်သူများနှင့် ဆိပ်ကမ်းအလုပ်သမားများအား စစ်ကောင်စီဘက်မှ ယနေ့ ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပေါ်တာဆွဲသွားကြောင်း ဒေသခံများထံမှ သိရသည်။
“စျေးထဲမှာ အခုမနက်ကတည်းက ပေါ်တာဆွဲတယ်။ ပြီးတော့ ဆိပ်ကမ်းက အလုပ်သမားတွေလည်း ပါတယ်။ စျေးထဲက ခေါ်လို့ရသလောက် ခေါ်သွားတာ။ အတော်များတယ် ပြောတယ်။ ဘယ်သူတွေပါသွားလဲ မသိသေးဘူး။ စုစုပေါင်း ၃၀ ကျော်လောက်တော့ပါမှာ။ ပြီးတော့ အရှေ့ဘက်ကမ်းကို ခေါ်သွားကြတာ။ အခုမြို့ထဲမှာ ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး”ဟု မော်လိုက်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ချင်းတွင်းမြစ်အရှေ့ကမ်း တောင်အင်းရွာဘက်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီအကြား ဇွန်လကုန်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီသည် မော်လိုက်မြို့နယ်တွင် ပေါ်တာဆွဲမှုများ မကြာခဏ ပြုလုပ်နေသည်ဟု သိရသည်။
“တိုက်ပွဲဆို ပေါ်တာ လာပြီ။ မေလတုန်းကဆို ကာလသားတွေ တောထဲထိ သွားပုန်းနေကြရတာ။ ဟိုရက်တွေတုန်းက တိုက်ပွဲတောင် ရပ်ကွက်ထဲက ကောင်လေးတစ်ယောက် အလုပ်ကအပြန် ပေါ်တာပါသွားသေးတယ်။ အရှေ့ဘက်ကမ်းကို ပစ္စည်းတွေ ထမ်းပေးရတယ်။ စစ်သားအလောင်းတွေ သယ်ပေးခဲ့ရတယ်တဲ့”ဟု ဒေသခံက ဆက်ပြောသည်။
မော်လိုက်မြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်း ၃ ခု နှင့် ရဲစခန်း ၁ ခု ရှိပြီး ချင်းတွင်းမြစ်ဆိပ်ကမ်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ရှိသည်ဟု စုံစမ်းသိရှိရသည်။