စစ်ကောင်စီ ထိန်းချုပ်ထားသော ဘဏ်နှစ်ခု ဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ် MFTB နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရမှ ပိတ်ဆို့အရေးယူကြောင်း ကြေညာပြီးနောက် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အကြီးမားဆုံး အရင်းအမြစ်ဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အား ပိတ်ဆို့အရေးယူရန် Justice For Myanmar က ယနေ့တွင် တောင်းဆိုလိုက်သည်။
MFTB ဘဏ် နှင့် MICB ဘဏ် တို့သည် စစ်အုပ်စုမှ တရားမဝင် သိမ်းယူထားသည့် နိုင်ငံပိုင်ဘဏ်များဖြစ်ကာ ယင်းဘဏ်များသည် စစ်ကောင်စီ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား လုပ်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရေးတွင် ထောက်ပံ့နေကြောင်း သိရသည်။
“အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်တွေကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ နောက်ဆုံး ပိတ်ဆို့အရေးယူမှုအပေါ် ကျမတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုပြီးထိရောက်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက စစ်အုပ်စုရဲ့ ဘဏ္ဍာရေးနဲ့ လက်နက်ဝယ်ယူရေး ကွန်ရက်တွေကို စနစ်တကျပစ်မှတ်ထားဖို့ ပိုပြီးအားထုတ်ရမှာ ဖြစ်ပါတယ်”ဟု Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားထားသည်။
အမေရိကန်၏ ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများသည် အပြုသဘောဆောင်သော်လည်း စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေအကြီးမားဆုံး အရင်းအမြစ်ဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အား ပိတ်ဆို့ အရေးယူမှုများ အမြန်ဆုံးချမှတ်ရန် အမေရိကန်အပါအဝင် ၎င်း၏ မဟာမိတ်များအား Justice For Myanmar မှ တိုက်တွန်းတောင်းဆိုထားသည်။
ထို့အပြင် ခရိုနီကုမ္ပဏီများ၊ လက်နက်ပွဲစားများနှင့် စစ်အုပ်စုများ ရရှိနေသည့် ဘဏ္ဍာငွေအရင်းအမြစ်များအား လက်နက်များ မရရှိတော့စေရန်အတွက် စနစ်တကျဖြင့် ဖြတ်တောက်ရမည်ဖြစ်သည့်အပြင် ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုထိရောက်ရန်အတွက် အမေရိကန်နှင့် မဟာမိတ်များမှ စစ်အုပ်စု၏ ဘဏ္ဍာရေးနှင့် လက်နက်ဝယ်ယူရေး ကွန်ရက်များအား စနစ်တကျပစ်မှတ်ထားသင့်ကြောင်းလည်း ဆိုသည်။
လက်ရှိချိန်တွင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအား ပိတ်ဆို့အရေးယူရန်အတွက် Justice For Myanmar အပြင် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)၊ သွေးစွန်း ငွေဖြတ်တောက်ရေး လှုပ်ရှားမှု (Blood Money Campaign) နှင့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှလည်း အမေရိကန်အစိုးရအနေဖြင့် အရေးယူပေးရန် တောင်းဆိုထားကြသည်။
အာဏာသိမ်းစစ်ကောင်စီသည် စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားငွေ အများဆုံးရရှိနေကြောင်း မြန်မာ့မဟာဗျုဟာနှင့် လေ့လာရေးအင်စတီကျု ISP Myanmar မှ မေလ ၃၁ ရက်နေ့က ထုတ်ဖော်ထားပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံကျော်အထိ ရရှိခဲ့ကာ ၇၀ ရာခိုင်နှုန်းသည် စွမ်းအင်ကဏ္ဍမှ ရရှိခဲ့သည်ဟု အသိပေးထားသည်။