တစ်ရက်ကျော်ကြာ ပျောက်ဆုံးနေသော စစ်တွေနည်းပညာကျောင်းအုပ်ဆရာကြီး၏ ရုပ်အလောင်းကို ဇွန်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘာဆာကျေးရွာအနီး ကမ်းစပ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်အချိန်တွင် အသက် ၄၅ နှစ်အရွယ် ကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင်သည် စစ်တွေကမ်းနားလမ်း သုံးခွလမ်းဆုံအနီးတွင် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား ကမ်းစပ်တွင် ထားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ပစ္စည်းတွေကို ထားပြီးတော့ ရေထဲကိုဆင်းသွားတယ်လို့ ကမ်းနားက အလုပ်သမားတွေကမြင်လို့ အကြောင်းကြားလာတယ်၊ ကျွန်တော်တို့ မြစ်ကမ်းနားတစ်လျှောက်မှာ ရှာဖွေရေးတွေ လုပ်တယ်။ နာရီ ၃၀ လောက်ရှာလိုက်ရတယ်၊ ပြန်တွေ့တော့ ဘာဆာရွာအနောက်ဖက်၊ စစ်တွေဟော်တယ်ရဲ့ အနောက်ဘက် ၃ မိုင်အကွာမှာ တွေ့တယ်လို့ အဲ့နားက ရွာက လှန်းအကြောင်းကြားတယ်၊ အဲ့ဒါနဲ့ ရောက်သွားတဲ့အခါမှာ သူဝတ်သွားတဲ့အင်္ကျီ ပြန်ပါလာတာတွေ့တော့ သူ့အမျိုးသမီးကလဲ ကျတော်တို့နဲ့အတူ ပါလာတယ်။ ဆရာကြီးဖြစ်ကြောင်း အတည်ပြုပေးခဲ့တယ်” ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့် သွေးလှူရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူဆင်းသွားတဲ့နေရာက ရေအနက်ကြီးတော့မဟုတ်ဘူး၊ သောင်ပြင်ကြီးလေ တော်တော်လေးတော့ ဆင်းလိုက်ရမှာပဲ၊ နည်းပညာကျောင်းအုပ်ဆိုတော့ ဖိအားတွေရှိမှာပဲလေ၊ ဆယ်ယူတဲ့အခါမှာ အခြားပြင်ပ ဒဏ်ရာတော့ မတွေ့ရပါဘူး” ဟု တာဝန်ရှိသူမှ ဆက်လက်ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် ၎င်းရုပ်အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး မှုခင်းဆရာဝန်၏ စစ်ဆေးချက်မှတ်တမ်း ယူရန် ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။