အာဏာသိမ်းစစ်ကောင်စီသည် စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားငွေ အများဆုံးရရှိနေကြောင်း မြန်မာ့မဟာဗျုဟာနှင့် လေ့လာရေးအင်စတီကျု ISP Myanmar မှ မေလ ၃၁ ရက်နေ့က ထုတ်ဖော်လိုက်သည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံကျော်အထိ ရရှိခဲ့ကာ ၇၀ ရာခိုင်နှုန်းသည် စွမ်းအင်ကဏ္ဍမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
“သွေးစွန်းငွေလို့ပြောလို့ရတဲ့ ဒီနိုင်ငံခြားဝင်ငွေက MOGE ကနေ ဝင်နေတာပေါ့။ MOGEနဲ့ ချိတ်ဆက်လုပ်နေတဲ့ နိုင်ငံခြားက ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်းတွေကတော့ ထွက်သွားတယ်လို့ ကြေညာသွားလည်းပဲ။ ထိုင်းနိုင်ငံက PTTEP လို လုပ်ငန်းကို အစားထိုးလိုက်တယ်ပေါ့။ ကုမ္ပဏီတစ်ခုထွက်သွားရင် ပိတ်ဆို့မှု မဖြစ်အောင် နောက်ကုမ္ပဏီကို အစားထိုးမှာပဲ။ ကုမ္ပဏီတွေကို Sension လုပ်ရုံနဲ့ မပေးဘဲ သူတို့ရဲ့ ငွေကြေးစီးဆင်းမှုကိုလည်း သေချာမလုပ်နိုင်သေးရင်တော့ MOGE ကနေပဲ သွေးစွန်းငွေတွေကတော့ ဝင်နေဦးမှာပါပဲ”ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိချိန်တွင် စစ်ကောင်စီမှ နိုင်ငံခြားဝင်ငွေအား ဘီလီယံနှင့်ချီကာ ရရှိနေသော်လည်း နိုင်ငံတကာအနေဖြင့် ပိတ်ဆို့မှု ခပ်ပါးပါးလုပ်ရုံဖြင့် စစ်ကောင်စီမှ မည်သည့်သက်ရောက်မှုမှ ဖြစ်သွားမည် မဟုတ်ကြောင်းလည်း ဆိုသည်။
ထိုင်းနိုင်ငံ အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော PTTEP က ကမ္ဘာ့စွမ်းအင် ကုမ္ပဏီများဖြစ်သည့် ပြင်သစ်ကုမ္ပဏီ TotalEnergies နှင့် အမေရိကန်ကုမ္ပဏီ Chevron တို့ ထွက်ခွာသွားသည့်နောက်တွင် မြန်မာ့ကမ်းလွန်မှ ရတနာသဘာဝ ဓာတ်ငွေ့ စီမံကိန်း လည်ပတ်မှုကို ဦးဆောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်အတွင်းက ထုတ်ဖော် ပြောဆိုခဲ့သည်။
စစ်ကောင်စီအနေဖြင့် အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ရန်အတွက် နိုင်ငံခြားဝင်ငွေများနှင့် လေယာဉ်ဆီများ၊ လက်နက်ခဲယမ်းများအား ဝယ်ယူနေကြောင်း၊ နေ့စဉ်နှင့်အမျှ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်မသွားခြင်းသည်လည်း နိုင်ငံခြားဝင်ငွေရရှိမှုအား ထိရောက်သော နည်းလမ်းများဖြင့် ပိတ်ဆို့ခြင်းမပြုလုပ်သောကြောင့်ဖြစ်ကြောင်းလည်း မြန်မာ့အရေးလှုပ်ရှားသူတစ်ဦးက ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လာရောက်ရင်းနှီးမြှုပ်နှံသူများတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကာ ဂျပန်နှင့် အာဆီယံဒေသတွင်း နိုင်ငံများမှ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။
“အခုလည်း စစ်ကောင်စီက ပြည်သူတွေကို နေ့စဉ်နဲ့အမျှ စစ်ပွဲတွေ ဆင်နွှဲနေပြီး ပြည်သူတွေကလည်း စတေးခံနေရတယ်။ ဒါတွေ ရပ်တန့်မသွားတာကလည်း နိုင်ငံခြားဝင်ငွေဖြတ်တောက်ရေးမှာ လိုအပ်ချက်တွေ အများကြီးရှိနေတာ။ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိအောင် စစ်ကောင်စီအပေါ်မှာ ဖိအားပေးတာတွေက အားနည်းလာတော့ ဒီအပြစ်ပေးအရေးယူမှုတွေကနေ ကင်းလွတ်နေတာပေါ့။ နိုင်ငံခြားဝင်ငွေ၊ သွေးစွန်းငွေတွေ စီးဆင်းနေတဲ့ လမ်းကြောင်းကို သေသေချာချာ ပိတ်ပင်သင့်တယ်။ ဒါတွေကို ပိတ်ပင်နိုင်ဖို့ကလည်း နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ စီးပွားရေးကော်ပိုရေးရှင်းတွေနဲ့ ကုမ္ပဏီတွေမှာ တာဝန်ရှိတယ်။ အဲ့ဒီလိုမှ မပိတ်ဆို့ရင်တော့ မြန်မာပြည်သူတွေကတော့ စစ်တပ်ရဲ့ ဖိနှိပ်တာကို နေ့စဉ်နဲ့အမျှခံနေရမှာပါပဲ“ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ၂၀၂၃ ခုနှစ် မတ်လအထိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံပမာဏတွင် ၅၆ ရာခိုင်နှုန်းခန့်ရှိပြီး အာဆီယံနိုင်ငံများသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဒုတိယနေရာရှိနေသလို ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖြင့် တတိယရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ စစ်ကောင်စီအား နိုင်ငံတကာအနေဖြင့် ထိရောက်သော စီးပွားရေးပိတ်ဆို့မှုများ မလုပ်သောကြောင့် စစ်ကောင်စီမှ ပြည်သူလူထုအပေါ် လေကြောင်းထိုးစစ်များဖြင့် ထိုးစစ်ဆင်နေသလို လက်နက်ကြီးများသုံးကာ ပစ်ခတ်ခြင်းသည် မထိရောက်သည့် စီးပွားရေး ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်းလည်း ဦးထွန်းကြည်မှ ထပ်မံ မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဝင်ငွေရနှုန်းသည် အာဏာမသိမ်းခင်ကာလနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် ကျဆင်းသွားခြင်းဖြစ်ကာ စစ်ကောင်စီ၏ အဓိကဝင်ငွေရပေါက်ဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE အား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့အတွက် မြန်မာ့အရေးလှုပ်ရှားသူများက တောင်းဆိုထားကြသည်။