By MPA CJ023
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းရဲကင်းဂိတ်နှင့်နားနေဆောင်ကို PDF များကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။
မေလ ၃၁ ရက်နေ့၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကင်းစောင့်နေသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းရဲကင်းဂိတ်နှင့်နားနေဆောင်ကို သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော် D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ကထုတ်ပြန်သည်။
“ကျနော်တို့ မနေ့ကပစ်တဲ့ဂိတ်က အရင်တစ်ခါပစ်တဲ့ဂိတ်မဟုတ်ဘူး။အရှေ့ပိုင်းဂိတ် အဲ့ဒီမှာနားနေဆောင်ရှိတယ်။နားနေဆောင်ထဲကိုပါပစ်တာ။ဂိတ်အပြင်ထွက်နေတဲ့ ရဲ ၂ယောက်တော့ လဲကျသေဆုံးသွားတယ်။အပြန်အလှန်ပစ်ခတ်ချိန်ဆို ၁၀ မိနစ်လောက်တော့ကြာမယ်။လက်နက်ကြီးတွေနဲ့ပါပစ်တာ။ကျေးရွာတွေထဲ ကျည်ကျတယ်လို့တော့ အသံမကြားမိဘူး”ဟု ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော် D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင် ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဝမ်ပေါင်ဝန်းအတွင်းမှ ကား ၂ စီးဖြင့် ရဲအင်အား ၃၀ ခန့်ရောက်ရှိလာသောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ဒဏ်ရာရ ရဲများကို ဝမ်ပေါင်းဝန်းအတွင်းသို့သယ်ဆောင်သွားပြီး သေဆုံးသူများကို လည်းဝမ်ပေါင်ဝန်းထဲမှာပင် မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း ခိုင်မာသောသတင်းရင်းမြစ်များထံက သိရကြောင်း ၎င်းကဆိုသည်။
မေလ ၂၅ ရက်နေ့ကလည်း ဝမ်ပေါင်ရဲစခန်းကို ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော် D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးတိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သေးသည်။
ရဲတပ်ဖွဲ့ဝင်များ သေဆုံး၊ဒဏ်ရာရခြင်းကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML