By MPA CJ 012
ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းဆောင်များ ပြန်လည်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။
“အမှတ် ၂ မှာတော့ ပြီးသင့်သလောက်တော့ ပြီးခါနီးပါပြီ။ အမှတ် ၃ မှာကျတော့ ဦးပဉ္စင်းတို့ အခုမှဘဲ စလုပ်နေပါတယ်။ ဦးပဉ္စင်းတို့ကျောင်းက ပရဟိတကျောင်းဆိုတော့ အကူညီတော့ လိုတာပေါ့”ဟု မေတ္တာဥယျာဉ် ပညာဒါန ပရဟိတကျောင်း၏ လက်ထောက်ဆရာတော် ဦးမုနိန္ဒဝံသက MPA သို့ မိန့်သည်။
မုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မေတ္တာဥယျာဉ်ပညာဒါနကျောင်း၏ အမှတ် (၂) ကျောင်းဆောင်အား ပြန်လည်ဆောက်လုပ်စဉ်က ငွေကျပ် သိန်း ၅၀၀ နီးပါး ကုန်ကျခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမှတ် (၃) ကျောင်းဆောင်အား ပြန်လည်ဆောက်လုပ်ရန်အတွက် ကုန်ဈေးနှုန်းများ တက်နေသည့်အတွက် မည်မျှကုန်ကျမည်ကို မသိရသေးကာ အကူအညီများလိုအပ်နေကြောင်းလည်း ဆိုသည်။
ကျောက်တော်ြမို့နယ်ရှိ မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းတွင် မူလတန်း၊ အထက်တန်းနှင့် အလယ်တန်း ကျောင်းသားစုစုပေါင်း ၆၀၀ ကျော် ပညာသင်ယူလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။
“အမှတ် ၂ မှာတော့ ကျောင်းစတက်ပါပြီ။ အမှတ် ၃ မှာတော့ ကျောင်းဆောင်တွေက အခုမှဘဲ စလုပ်တာဆိုတော့ မတက်ရသေးပါဘူး။ ကျောင်းသား အယောက် ၆၀၀ ကျော် အကုန်လုံးကို ပြန်ဆောက်ထားတဲ့ အမှတ် ၂ ကျောင်းမှာပဲ စုပြီးသင်ရတာပေါ့”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းတွင် ပြန်လည်မပြင်ဆင်ရသေးသည့် ကျောင်းဆောင်များလည်း ရှိနေသေးသည်။
မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းအား ၂၀၁၆-၂၀၁၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကာ အမှတ် (၁) ကျောင်းဆောင်သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ရှိပြီး အမှတ် (၂) နှင့် (၃) ကျောင်းဆောင်သည် ရခိုပြည်နယ် ကျောက်တော်မြို့နယ်တွင် တည်ရှိသည်။