By MPA CJ 016
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာတွင် မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်သည် စစ်ကား ၁၀ စီးဖြင့် ၎င်းတို့ ဖြတ်သွားရာလမ်းတွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆယ်ဇင်းကုန်းရွာမှ ဒေသခံတစ်ဦးက MPA ကို ပြောသည်။
” စစ်တပ်က တစ်လမ်းလုံး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်နေတာ။ ရွာကိုရောက်တော့ လက်နက်ကြီးအစက တဲထဲမှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့ ခေါင်း၊ နားထင်ကို ထိသွားတာ” ဟု ဆယ်ဇင်းကုန်းရွာမှ ဒေသခံတစ်ဦးက ရှင်းပြသည်။
ထိုကဲ့သို့ လက်နက်ကြီးငယ်များဖြင့် စစ်ကောင်စီဘက်မှ ပစ်ခတ်ခြင်းသည် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းသို့ သွားရာ လမ်းကြောင်းတွင် ၎င်းတို့အနေဖြင့် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ရမ်းသမ်းပစ်ခတ်ခြင်း ဖြစ်သည်ဟုလည်း ယင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
” အသက် ၂၉ နှစ်အရွယ် အမျိူးသားကတော့ မတ္တရာသွားတဲ့လမ်းမှာ သေဆုံးသွားတယ်။ အသက် ၃ နှစ်အရွယ် ကလေးကတော့ လက်နက်ကြီးအစက ခြေထောက်မှာ ထိသွားပြီးတော့ အခု ကြာညှပ်ဆေးရုံမှာ ကုနေတယ်” ဟု ဆယ်ဇင်းကုန်း ကျေးရွာ ဒေသခံက ဆက်ပြောသည်။
စစ်ကောင်စီတပ်မှ ထိုသို့ ပစ်ခတ်ပြီးနောက် စစ်ကား ၁၀ စီးဖြင့် တကောင်းတိုက်နယ်အတွင်းသို့ ဝင်သွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။