By MPA CJ 023
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအဝင်ဝ စစ်ဆေးရေးရဲကင်းကို PDF များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာရဲ ၃ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။
မေလ ၂၅ ရက်နေ့ညနေ ၄နာရီ ၁၅ မိနစ်ခန့်တွင် တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအဝင်ဝ စစ်ဆေးရေးဂိတ်ရှိ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းယင်းမာပင်ခရိုင်တပ်ရင်း-၂၈၊ ဓားမဆိုင်းတပ်မတော် ထံက သိရသည်။
“ကျနော်တို့က ကားနဲ့ရုတ်တရက်ပစ်တာဆိုတော့ သူတို့လည်း အမှတ်တမဲ့ဖြစ်သွားမှာပေါ့။မကြာဘူး။ပြန်ပစ်တယ်။ဝမ်ပေါင်ဝန်းထဲကနေ ရဲတွေ ထပ်ရောက်လာတယ်။ဟိုပစ် ဒီပစ်တွေလုပ်ပြီး သေတဲ့ရဲနဲ့ဒဏ်ရာရတဲ့ ရဲတွေကို ဝမ်ပေါင်ဝန်းထဲ သယ်သွားကြတယ်”ဟု ယင်းမာပင်ခရိုင်တပ်ရင်း-၂၈ ဓားမဆိုင်းတပ်မတော်မှ အထူးတိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ထွဋ်ခေါင် ကပြောသည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်းမှ ရဲအင်အား ၅၀ ဝန်းကျင်ရောက်ရှိလာပြီး ထိခိုက်သေဆုံးသူများကို လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း-၂၈၊ ဓားမဆိုင်းတပ်မတော်(D.M.S.A)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ဦးဆောင်၍ ဓားမဆိုင်းတပ်ခွဲ-၂နှင့် National Revolution Army တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၂၆ရက်နေ့ကလည်း မုံရွာမြို့ ကညန ရုံးရှေ့တွင် ဆက်ကြေးကောက်နေသည့် စစ်သားများကို ဓားမဆိုင်းတပ်မတော် နှင့်မဟာမိတ်တပ်ဖွဲ့များသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သေးသည်။
ရဲနှင့်စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။