မကွေးတိုင်း၊ပခုက္ကူမြို့အထွက်စစ်ဆေးရေးဂိတ်တွင် ငွေကောက်ခံနေသော စစ်သားများကို PDFများက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။
မေလ ၂၂ ရက်နေ့ ၊မွန်းလွဲ ၁ နာရီ ၃၃ မိနစ်ဝန်းကျင်တွင် ပခုက္ကူမြို့နှင့်အရှေ့ချောက်ကန်ကြား ဆီဆိုင်အနီး စစ်သား၄ဦးရှိသော စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပခုက္ကူနဲ့မြိုင်လမ်းပေါ်မှာဂိတ်က။သူတို့အနီးမှာ သုံးဘီးရှိတော့ ဝပ်ပြီးအကာအကွယ်ယူပြီး ပြန်ပစ်တယ်။အလစ်အငိုက်ဝင်တိုက်တာမလို့ အထိအခိုက်ကတော့ သေချာပေါက်များနိုင်ပါတယ်။သေဆုံးမှုရှိ၊မရှိတော့ ဆက်လက်စုံစမ်းနေပါတယ်”ဟု Chuck Guerrilla Force တာဝန်ခံ ဘကွန်း ကပြောသည်။
စစ်ကောင်စီတပ်သားများက ပြန်လည်တိုက်ခိုက်ရာ ၈ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Chuck Guerrilla Force နှင့် King Fighter PDF၊MVP Revolution Force (မြိုင်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၀ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ကန်ဒေါင့် နယ်မြေရဲစခန်းကို CGF နှင့်အတူ မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ စစ်သားများဒဏ်ရာရမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။