မတ်လ၊ ဧပြီလနှင့် မေလအတွင်းစစ်ကောင်စီတပ်အား ၂၅ ကြိမ်တိုက်ခိုက်နိုင်ခဲ့သည်ဟုတောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ-၂ ယောနသံဒရုန်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
“သူတို့ (စကစ) နေရာယူထားတဲ့ နေရာတွေကို အပေါ်တည့်တည့်ကနေဗုံးသီးအကြီးတွေနဲ့တည်ပြီး ကြဲချတာ ဆိုတော့လေ၊သူတို့အကျအဆုံးတွေတော့ ရှိတယ်။ဘယ်လောက်ကျတယ်ဆိုတာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှာစိုးလို့ ခန့်မှန်းခြေတော့မပြောတော့ပါဘူး”ဟု ယောနသံဒရုန်းတပ်ဖွဲ့၏ ရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုများအား မြေပြင်တိုက်ခိုက်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“စခ (စစ်ကောင်စီ) တွေက ရွာတွေထဲကပြည်သူနေအိမ်တွေထဲမှာ တပ်စွဲလေ့ရှိကြတော့ကျနော်တို့အနေနဲ့ ပြည်သူပိုင်နေအိမ်တွေကို အတတ်နိုင်ဆုံးရှောင်ပြီး လုပ်နေရတာပေါ့။ အဲ့ဒီဟာ တစ်ခုတော့ အခက်အခဲရှိတယ်”ဟု ၎င်းက ဆိုသည်။
နောက်ပိုင်းတွင်စစ်ကောင်စီတပ်အနေဖြင့် ဒရုန်းဖြတ်စက် (Jammer) များ အသုံးပြု၍ ဒရုန်းများအား ဖြတ်ချမှုရှိသော်လည်းယောနသံဒရုန်းတပ်ဖွဲ့အနေဖြင့် အထိအခိုက်မရှိ အလုပ်လုပ်နိုင်ဆဲ ဖြစ်သည်ဟု သိရှိရသည်။
“သူတို့ဘက်ကလည်းဒရုန်းတွေအသုံးပြုပြီး ပြန်လည်တိုက်ခိုက်တာတွေရှိတယ်။ အဲ့ဒီဟာတော့ ထူးခြားချက်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ယခုမေလအတွင်း စစ်ကောင်စီသည်တောင်ငူခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပြီး ယင်းသို့ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃ ဦးသေဆုံး၍ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။