နေပြည်တော် – မကွေး-ကံပြားလမ်း ၂၆ မိုင် ၅ ဖာလုံတွင် ယနေ့ မေလ ၂၁ ရက် နံနက် ၁၀ နာရီခွဲ အချိန်က မန္တလာမင်း Express ကားကြီးနှင့် Hijet ကား တိုက်မှုဖြစ်ပွားမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကာ လူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် ခေမာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူ၏ ပြောကြားချက်အရ “ကားလေးက နေပြည်တော်ကနေ စလင်းဘက်ကို ပြန်လာတာလို့သိရတယ်။ ကားကြီးကတော့ မကွေးကနေ ရန်ကုန်ပြန်လာတယ်လို့ထင်တာပဲ သေချာတော့မသိဘူး။ ကျတော်ထင်တာကတော့ ကားကွေ့တဲ့နေရာမှ လမ်းယူတာများသွားတယ်လို့ထင်တာပဲ။ သေချာတော့မသိဘူးပေါ့နော်။ ကားလေးပေါ်မှာ ပါတဲ့သူအားလုံး ထိခိုက်ဒဏ်ရာရတယ်။ ကားကြီးမှန်လုံယာဉ်ကတော့ ဘယ်သူမှ ထိခိုက်မှုမရှိဘူး။ စုစုပေါင်း ၅ ဦး သေဆုံးသွားတယ်။ (ကျား -၂၊ မ-၃) ပေါ့။ ၆ ယောက်က ထိခိုက်ဒဏ်ရာရတယ်။ အဲ့ထဲမှာ ကလေး ၂ ယောက်ပါတယ်။ ယောက်ျားလေးက ဘယ်ဘက်ပေါင်ကျိုးပြီးတော့၊ မိန်းကလေးက ခေါင်းကွဲသွားတယ်။ အခုလက်ရှိ မြို့သစ်ဆေးရုံမှ ကုသနေတယ်။ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေလဲ လိုက်လာနေပြီလို့ သိရပါတယ်” ဟုဖြေကြားခဲ့သည်။
ယင်းဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို ပေးဆပ်သူများ နာရေးကူညီမှုအသင်းနှင့် ရှာဖွေကယ်ဆယ်ရေးအသင်းမှ ရှေးဦးသူနာပြုစုပေးခြင်းနှင့် မြို့သစ်ဆေးရုံပို့ပေးခြင်းများ အပြင် သေဆုံးသည့်သူများကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။