မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ် စစ်တွေမြို့အား စစ်ကောင်စီမှ ပိတ်ထားကြောင်း ဒေသခံများဆီမှ စုံစမ်းသိရှိရသည်။
ယနေ့ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ စစ်ကောင်စီမှ စစ်တွေ မြို့အဝင်ကို ပိတ်ထားကာ ကားတစ်စီးချင်းသာ လွှတ်ပေးကြောင်း သိရသည်။
“ နေ့လယ် ၁၂ နာရီလောက်တည်းက စစ်တွေမြို့အဝင်ကို ပိတ်ထားတာ။ ကျွန်တော်တို့က မြောက်ဦးကနေ စစ်တွေကို ကယ်ဆယ်ရေးလုပ်ပေးဖို့ လာကြတာ။ မြို့အဝင်ကျမှ ပိတ်ထားမှန်းသိရတယ်။ အခုလက်ရှိတော့ စစ်တွေမြို့ရဲ့ ကပ်လျက်မြို့ဖြစ်တဲ့ ပုဏ္ဏားကျွန်းမှာ စောင့်နေရတယ်။ မြို့ကို ဝင်ခွင့်မရသေးတော့ တခြားအဖွဲ့တွေလည်း ခုထိ မရောက်ကြသေးဘူး” ဟု စစ်တွေမြို့သို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရန် သွားရောက်သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ နေ့လယ် ၁၂ နာရီအချိန်ကတည်းက ပိတ်ထားကာ ကားတစ်စီးချင်းသာ ဝင်ခွင့်ပြုပြီး ည ၇ နာရီခွဲအချိန်တွင် စစ်တွေမြို့သို့ ဝင်ခွင့်ပြုကြောင်း သိရသည်။
“ အခု ၇ နာရီခွဲလောက်က ပြန်ပြီး ဝင်ခွင့်ပြုတယ်။ ကျွန်တော်တို့ကတော့ သွားလို့ မရတော့ဘူး။ သွားရင် အချိန်မမီတော့ဘူးလေ။ ကယ်ဆယ်ရေးလုပ်တယ်ဆိုတာက အချိန်မီလုပ်နိုင်မှ အခုတော့ အချိန်မီ မကူညီနိုင်တော့ ပြည်သူတွေက အခက်အခဲတွေ အများကြီးရင်ဆိုင်ကြရတော့မှာပေါ့။ အများကြီး အခက်အခဲဖြစ်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ရခိုင်ပြည်သူ ၄ သိန်းကျော်အတွက် ရိက္ခာရရှိအောင် စီစဉ်ထားကြောင်း ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ ရောက်မလာသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံရသော ပြည်သူများတွင် မည်သည့်ကူညီကယ်ဆယ်ရေးမှ မရရှိသေးဘဲ ပရဟိတအဖွဲ့များနှင့် မြို့သူမြို့သားများ လှူထားသည်များသာ ရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီမှ ရခိုင်ပြည်နယ် တစ်ဝန်းလုံးအား အရေးပေါ်ကာလ ၆လ သတ်မှတ်ထားကာ ပြန်လည်ထူထောင်ရေးကာလ ၃ နှစ် သတ်မှတ်ထားသည်ဟု ထုတ်ပြန်ကြေညာထားသည်။