မိုခါ စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှု နယ်ပြေ ပုဂံဒေသမှ ရွှေဘုံသာဘုရားမှာ ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
မနေ့က မေလ ၁၄ ရက်နေ့မှာ ညောင်ဦးမြို့နယ်ရှိ ရွှေသာကျေးရွာတွင် တည်ထားသည့် ဉာဏ်တော် အမြင့် ၇၀ ပေခန့် ရွှေဘုံသာဘုရားသည် သပိတ်မှော်အရစ်ပိုင်းမှ စကာ ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။
ညောင်ဦးမြို့နယ်၏ ဒေသခံတစ်ဦးကတော့ “ဒီနေ့တော့ နေတော်တော်ပူနေတယ်ဗျ၊ ရေတွေလဲ စုပ်ထုတ်နေကြပြီဆိုတော့ ၁ ရက် ၂ ရက်အတွင်း ရေခြောက်သွားမှာပါ။ ခရီးသွားတွေလဲ ရှိပါတယ်ဗျ။ တခြားဘုရားတွေ ပြိုတာပျက်တာတော့ မကြားသေးဘူးဗျ၊ ခုတစ်ပတ်အတွင်းတော့ စောင့်ကြည့်ရမှာပဲ” ဟုပြောသည်။
အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်ချက်များ အရ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ ဓမ္မရာဇာဘုရားကြီး ရင်ပြင်တော်အုတ်ခုံ ပြိုကျခြင်း၊ ထီးလိုမင်းလိုဘုရား အရှေ့ဘက်မုခ်ဦးပဲ့ကျခြင်း၊ သဗ္ဗညုဘုရား အုတ်တံတိုင်း ပဲ့ကျခြင်း၊ ရွှေဘုံသာစေတီတော်ပြိုကျ၍ ထီးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် စေတီပုထိုးများအား ရှေးဟောင်းသုတေသနာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
မိုခါ စူပါဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ပုဂံဒေသမှာ မေလ ၁၃ ရက်နေ့ကတည်းက စတင်ကာ လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မိုးရေချိန် အမြင့်ဆုံးထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
၎င်းထုတ်ပြန်ချက်အရ ညောင်ဦးမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က စံချိန်သစ် ဖြစ်ခဲ့သည့် ၄ ဒသမ ၇၆ လက်မထိ ရှိခဲ့သည့် စံချိန်ကို ချိုးခဲ့ပြီး ယခုတခါရွာသွန်းသည့် မိုးရေချိန်သည် ၆ ဒသမ ၄၃ လက်မ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ ၎င်းစံချိန်သည် ၅၈ နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းပုဂံဘုရားတစ်ချို့တွင် ခြေသလုံးထိ ရေဝပ်လျက်ရှိနေကြောင်း၊ မိုးကြောင့် ရှေးဟောင်းအဆောက်အအုံများနှင့် နံရံဆေးပန်းချီများ ထိခိုက်ပျက်စီးမှုမရှိသေးသော်လည်း နေရာအချို့တွင် အနည်းငယ် မိုးရေယိုစိမ့်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု ညောင်ဦးဒေသခံ တစ်ဦးထံမှ သိရသည်။
ထို့ပြင် ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာတွင် မေလ ၁၃ ရက်နေ့က မင်းနန်သူချောင်းရေကျော်ပြီး ကားတစ်စီးရေနစ်နေသောကြောင့် ပုဂံနယ်မြေ အမှတ် ၅ အရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ရကြောင်း သိရှိရပါတယ်။
ညောင်ဦးမြို့ရဲ့ မှန်ကြိုရပ်ကွက်မှာလည်း နှစ် ၁၅၀ သက်တမ်းဝန်းကျင်ရှိတဲ့ မန်ကျဉ်းပင်တစ်ပင် နေအိမ်နဲ့အနီးရှိ ဂိုထောင်ပေါ်ကို လဲကျမှုဖြစ်ပွားလို့ သွားရောက်ကူညီပေးခဲ့ရတယ်လို့ တပ်ဖွဲ့ဝင်တဦးထံမှ သိရသည်။