မိုးကြီးရေလျှံပြီး ချောင်းရေမြင့်တက်လာခြင်းကြောင့် မကွေးတိုင်း၊စလင်းနှင့် ဆင်ဖြူကျွန်းမြို့နယ်အ တွင်းရှိ ရွာ၂၀ကျော်မှ ဒေသခံများ ကုန်းမြင့်ရှိရာစာသင်ကျောင်း၌ ခိုလှုံနေကြရကြောင်း သိရသည်။
မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လင်းဇင်းဆည်တံခါးကို ဖွင့်ချလိုက်ရာ စလင်းချောင်း ရေမြင့်တက်လာပြီး မေလ ၁၄ ရက်နေ့ ညဦးပိုင်း၌ စလင်းနှင့်ဆင်ဖြူကျွန်းမြို့နယ်ကြားရှိ သရက်ချဥ်၊ယမ်းဘိုကုန်း အပါအဝင် ရွာပေါင်း ၂၀ ကျော် ထဲသို့ ရေများစီးဝင်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံကသိရသည်။
“မိုးက ၂ ရက်ဆက်တိုက် အဆက်မပြတ်ရွာတာ။လင်းဇင်းဆည်တံခါးကိုဖွင့်ချလိုက်ရတယ်။အဲ့မှာ စလင်းချောင်းက ရေလျှံပြီး ရွာတွေထဲမက မြို့ပေါ်ထိပါ ရေတက်ကုန်တာ။ရွာတွေကတော့အဆိုးဆုံးပေါ့။အိမ်တွေမျောပါတာလည်းရှိတယ်။သားအမိ ၂ယောက် ရေထဲမျောပါသွားတယ်။အမေရဲ့ အလောင်းကိုတော့ ပြန်ရတယ်။သမီးဖြစ်သူရဲ့အလောင်းကိုတော့ ခုထိမတွေ့ရသေးဘူး”ဟု စလင်းမြို့ခံတစ်ဦးပြောသည်။
ရေဘေးရှောင်ပြည်သူများသည် ကုန်းမြင့်ရှိရာသရက်ချဥ်(အထက )တွင် ခိုလှုံနေကြရပြီး သောက်သုံးရေနှင့်အစားအသောက်များကို ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းတွင် လာရောက်လှူဒါန်းမှုများရှိကြောင်းသိရသည်။
“အိမ်တွေ၊ကားတွေမျောသွားတာတွေရှိတယ်။စလင်းချောင်းနဲ့နီးတဲ့ ရွာတွေက ပိုခံရတယ်။ဒီမနက်တော့လှူဒါန်းမှုတွေရှိပါတယ်။လိုအပ်ချက်တွေကတော့ရှိနေတာပေါ့။လက်ရှိအချိန်မှာတော့ မိုးလည်းတိတ်နေပြီဆိုတော့ ရေပြန်ကျဖို့အခြေအနေရှိပါတယ်”ဟု ၎င်းကဆိုသည်။
စလင်းမြို့ပေါ်တွင် ချောင်းရေ ပြန် ကျသွားသော်လည်း ရေများရှိနေသေးသောကြောင့် သွားရေးလာရေးခက်ခဲနေသေးကြောင်းသိရသည်။