ထိုင်းနိုင်ငံ၊မဲဆောက်မြို့ မယ်ပ ရှိ Safe House မှ မီးလန့်သည့် အခန်းအား ထိုင်းရဲမှ လာရောက်စစ်ဆေးစဉ် လက်နက်များတွေ့ရှိသဖြင့် ထိုင်းစစ်တပ်အား အကြောင်းကြားကာ ဝင်ရောက်ရှာဖွေစစ်ဆေးနေပြီး ဖမ်းဆီးရမိသူမရှိသေးကြောင်း ကနဦးသတင်းရရှိသည်။
ယနေ့ မေလ ၁၄ရက်နေ့၊ထိုင်းစံတော်ချိန် ညနေ ၃နာရီ ၃၀မိနစ်ခန့်လောက်ကစတင်ပြီး မဲဆောက်မြို့ မယ်ပ ရှိ Safe House အိမ်ယာဝင်းအတွင်းသို့ ထိုင်းအာဏာပိုင်များမှ လာရောက်ကာ စစ်ဆေးရှာဖွေမှုများပြုခဲ့ပြီး လက်နက်တွေ့ရှိခဲ့သည့် အခန်းအတွင်းမှ နေထိုင်သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိကြောင်း ယင်းSafe House တွင် နေထိုင်သူများက ပြောသည်။
“ Safe Houseထဲက အခန်းတစ်ခန်းက ဝိုင်ယာရှော့ခ်ဖြစ်တယ်။မီးလန့်တာပေါ့။အဲ့တာကို လာစစ်တဲ့ ရဲက အဲ့အိမ်ထဲမှာရှိတဲ့ လက်နက်တွေကို တွေ့သွားတာ။အဲ့တာက နေ့လည်လောက်ကဖြစ်တာ။အဲ့လိုတွေ့လို့ ရောက်ချလာတာ။၃နာရီကျော်လောက်ထဲက ထိုင်းအာဏာပိုင်တွေရောက်နေတာ။မြန်မာစစ်တပ်တော့ မတွေ့ဘူး။အကုန်ထိုင်းတွေကြီးပဲ။မရှိတော့ဘူး။ရဲပြန်သွားကတည်းက အကုန် တိမ်းရှောင်သွားပြီ။လက်နက်တွေတော့ ကျန်ခဲ့တယ်ပြောတယ်။RPGတစ်လက်၊ပြောင်းတိုတွေနဲ့ ယမ်းတွေကို ထိုင်းရဲတွေ ရှာတွေ့တယ်လို့ ကြားတယ်။ဒီSafe Houseကလူတွေအကုန်လုံးက ရဲတွေလာတာနဲ့ အခန်းတွေပိတ်ပြီးနေနေကြတာဆိုတော့ သေချာမသိဘူး။လက်နက်မိတဲ့အခန်းကတော့ Safe House ဝင်းထိပ်လည်းမရောက် အလယ်လည်းမရောက်ဘူး။ကြားနေရာက အခန်းပဲ” ဟု ယင်းSafe House တွင် နေထိုင်သူတစ်ဦး ကပြောသည်။
ယနေ့ ထိုင်းစံတော်ချိန် ညနေ ၄နာရီ ၂၁မိနစ်ခန့်တွင် မယ်ပ ရှိ Safe Houseသို့ ထိုင်းအာဏာပိုင်များ အင်အားအသင့်တင့်ဖြင့် ရောက်ရှိလာပြီး အခန်းအချို့အား မေးမြန်းမှုများပြုခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်သွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ထိုင်းအာဏာပိုင်တွေ ရောက်လာတော့ အကုန်ပုန်းနေကြတာ။ဖိနပ်များတဲ့ အခန်းတွေကိုတော့ မေးမြန်းတာရှိတယ်။ဘယ်နှစ်ယောက်နေလဲ။ဘယ်သူတွေလဲပေါ့။ထိုင်းရဲတွေက အခန်းအချို့ကိုလည်း ဓာတ်ပုံရိုက်သွားသေးတယ်။အခုထိ ရှိနေတုန်းပဲ။ဖမ်းဆီးခံရသူတော့ မရှိသေးဘူး” ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
မဲဆောက်မြို့၊မယ်ပရှိ Safe Houseအား ထိုင်းအာဏာပိုင်များမှ ဝင်ရောက်မရှာဖွေရသေးသည့် မိနစ်ပိုင်းအလိုတွင် မဲဆောက်ရှိ တော်လှန်ရေးရဲဘော်များအကြား ထိုင်းအာဏာပိုင်နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ မဲဆောက်မြို့မှ Safe Houseတစ်နေရာအား ဝင်ရောက်စီးနင်းမည်ဟူသော သတင်းတစ်ခုထွက်ပေါ်ခဲ့ကြောင်း မဲဆောက်ရှိ တော်လှန်ရေးရဲဘော်များကပြောသော်လည်း မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီတပ်မှ ပါဝင်ခြင်းရှိမရှိ MPAအနေဖြင့် တိတိကျကျအတည်မပြုနိုင်သေးပေ။
ယနေ့ ထိုင်းစံတော်ချိန် ၆နာရီ ၁၅မိနစ် ရရှိသည့် မြေပြင် သတင်းအရ မယ်ပရှိ Safe House အတွင်း နေထိုင်သူများအားလုံးကို မိမိနေထိုင်ရာ အခန်းများမှ ထွက်စေကာ လမ်းမအလည်တွင် စုထိုင်ခိုင်းထားပြီး ထိုင်းစစ်တပ်နှင့် ထိုင်းရဲတပ်ဖွဲ့တို့မှ လက်နက်တပ်ဆင်အသင့်အနေအထားဖြင့် လုံခြုံရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မယ်ပ ရှိ Safe Houseအတွင်း ထိုင်းအာဏာပိုင်များမှ သိမ်းဆည်းရရှိသည့် လက်နက်အရေအတွက် နှင့် လာရောက်ရှာဖွေစစ်ဆေးသည့် အခြေအနေ အသေးအစိတ်အား MPAမှ ဆက်လက်စုံစမ်းလျက်ရှိသည်။
ပြီးခဲ့သည့် ယခုနှစ်၊မတ်လ ၂၂ရက်နေ့လယ်ပိုင်းကလည်း ထိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းစစ်တပ်မှ မယ်ပ တရုတ်သင်ချိုင်း အနီးရှိ ဝင်လမ်း၊ထွက်လမ်းများကို ပိတ်ဆို့ကာ News Myanmar Foundation Safe House ၃ နေရာ၊ မေမေ့ရင်ခွင် Safe House ၃နေရာနှင့် ခိုလှုံသူများ ဌားရမ်းနေထိုင်သည့် နေအိမ်တချို့အား ဝင်ရောက်စီးနင်းခဲ့ပြီး စီးနင်းချိန်အတွင်း သေနတ် ၃လက်၊Drone ၃စင်း၊စကားပြောစက်၊ယူနီဖောင်းအချို့နှင့် အတူတွေ့ရှိသည့် အမျိုးသား ၂ဦးကိုသာ ထိန်းသိမ်းခဲ့ပြီး ကျန်သူအားလုံးကို ပြန်လွှတ်ပေးခဲ့သည်။