မိုခါမုန်တိုင်းဝင်ရောက်နေသည့် စစ်တွေမြို့ပေါ်ရပ်ကွက်တချို့တွင် နေအိမ်များရေပြည့်လာနေသဖြင့် နေအိမ်အတွင်း ပိတ်မိနေသူများက ကူညီကယ်ဆယ်ပေးရန် တောင်းဆိုနေကြကြကြောင်းသိရသည်
ယနေ့ မေလ၁၄ ရက်နေ့ နေ့လယ်ခန့်တွင် မြစ်ရေစတင်တက်လာနေသည့် မိဇံ၊ မြို့သူကြီး၊ ရွှေပြား၊ အိုးတန်း၊ ဆင်ကူးလမ်း၊အုန်းတပင် လမ်းမတော်တောင်၊ လမ်းမတော်မြောက်ရပ်ကွက်တို့တွင်သက်ကြီးရွယ်အိုတချို့နှင့်အတူ ကျန်နေခဲ့ရသည့် မိသားစုဝင်များမှာ လက်ရှိတွင် နေအိမ်များအတွင်း ရေပြည့်လာနေသည့်အတွက် အရေးပေါ်ကူညီကယ်ဆယ်ပေးကြရန် တောင်းဆိုလာကြကြောင် သိရသည်။
စစ်တွေမြို့လမ်းမတော်မြောက်ရပ်ကွက်မှ ဒေသခံတစ်ဦးက “ ကျွန်တော်တို့အိမ်က ရေနစ်သွားပါပြီ။ မိသားစုတွေက ဘေးလွတ်ရာရောက်သွားပါပြီ။ ကျွန်တော်တို့အိမ်ရှေ့ကမိသားစုအကူညီလိုအပ်နေတယ်လို့ ဆက်သွယ်လာပါတယ်။ သူတို့ဆီကို ဖုန်းကလည်း အခေါက်ရေနှစ်ဆယ်လောက်ခေါ်မှရတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ဖုန်းခေါ်လို့မရဘူးဖြစ်နေပါတယ်” ဟုပြောသည်။
ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်တွေမြို့ရှိ MPT ဆက်သွယ်ရေးရုံးရှိ တာဝါတိုင်ကျိုးကျသွားခဲ့သည်။ ၎င်းအပြင် ဆက်သွယ်ရေး ဝိုင်ဖိုင်ကြိုးများ ပြတ်တောက်နေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များအား အဆက်အသွယ်လုပ်ရန်ခက်ခဲနေကြောင်း ဒေသခံများကဆိုသည်။
၎င်းအပြင် ကိုဗစ်ကာလ ကူညီလုပ်ဆောင်ပေးသည့် Rakhine Covid 19 Watch လူမှုရေးသတင်းစာမျက်နှာ၌ “တရားသီးစုရပ်ကွက် ကျော်ဇံရွှီလမ်းအမှတ်(၂၄) တစ်အိမ်လုံးမြုပ်သွားပါပြီ။ လူကြီးနှစ်ဦးခေါင်မိုးပေါ်မှာပါတဲ့။ ဖုန်းဆက်ပေးကြပါ။ ကယ်ဆယ်ရေးအဖွဲ့အား ဖုန်းခေါ်၍ မရလို့ပါ။ဦးမောင်မြသိန်း- ၁၀၄၂၁၇၅၆၂၅၃ ပါ” ဆိုပြီး ရေးသားအကူအညီတောင်းခံလာကြသည်ကိုတွေ့ရသည်။
စစ်တွေမြို့ပေါ်တွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသည့် မေတ္တာရောင်ခြည်သွေးလှူရှင်အသင်းနှင့် ရွှေရောင်မေတ္တာနာရေးကူညီရေးအသင်းတို့ကို ဆက်သွယ်နေကြသော်လည်း လက်ရှိတွင် ဆက်သွယ်ရေးအခက်အခဲများကြောင့် မြို့တွင်းသို့ သက်ဆိုင်ရာများက ကယ်ဆယ်ပေးရန်လိုအပ်နေကြောင်းသိရသည်။