စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် ယနေ့တွင် မိုးထဲလေထဲတွင် စစ်ရှောင်ထွက်ပြေးနေရသည်ဟု စုံစမ်းသိရှိရသည်။
ခင်ဦးမြို့နယ် အနောက်ခြမ်းမှ အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းနှင့် ကုန်းသာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံ သုံးထောင်ဝန်းကျင်ဝန်းကျသည် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားထဲမှ စစ်ရှောင်နေရခြင်း ဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
အင်းပတ်ကျေးရွာတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များသည် ချမ်းသာကုန်းကျေးရွာအတွင်းသို့ ယနေ့ နံနက် ၆ နာရီဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
“ မနက် ၆ နာရီလောက်တည်းက ရွာထဲကို လက်နက်တွေနဲ့ ပစ်ပြီးဝင်ခဲ့ကြတာ။ ရွာအတွင်းက နေအိမ်တွေမှာရှိတဲ့ စားစရာတွေကိုလည်း မတရားယူသွားတယ်။ ပြီးတော့ အင်းပတ်ရွာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်လို့ ၄ နှစ်အရွယ် ကလေးတယောက် ထိတယ်။ အခုတော့ စစ်ရှောင်ရင်းနဲ့ ကုသမှုခံယူနေရတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဟာ စစ်တွေမြို့မှ တစ်ဆင့် ဝင်ရောက်နေပြီဖြစ်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်များအထိ အားကောင်းသော ကုန်းတွင်း မုန်တိုင်းငယ်အနေဖြင့် ဆက်လက်ရွှေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မိုခါမုန်တိုင်း၏ အားကောင်းသော ကုန်းတွင်းမုန်တိုင်းငယ်အနေဖြင့် ဝင်ရောက်နိုင်သည့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးနှက်မှုများကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများစွာ ရှိနေသည်။