ယနေ့ မေ ၁၄ ရက် နံနက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အနှံ့အပြားတွင် လေပြင်းများတိုက်ခက်မှုနှင့် မိုးရွာသွန်းမှုကြောင့် နောက်ဆက်တွဲ သစ်ပင်များ လဲကျပျက်စီးခဲ့မှုဖြစ်ကာ လမ်းပိတ်ဆို့မှုများနှင့် လူနေအိမ်များပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ကမာရွတ်၊ မင်္ဂလာဒုံ၊ လှည်းကူး၊ သန်လျင်၊ ရန်ကင်း၊ မြောက်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) နှင့် ဒေါပုံမြို့နယ်တို့တွင် ယနေ့မနက်ပိုင်းမှစ၍ လေပြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူနေအိမ်နှင့် လမ်းမများအပေါ်သို့ သစ်ပင်များလဲကျမှုများဖြစ်ပွားခဲ့ကြောင်း Myanmar fire service department ထုတ်ပြန်ချက်များ အရသိရှိရသည်။
” ဒီဘက်မှာတော့ မနက် မိုးမလင်းခင်ထဲက လေရောမိုးရောချတာ၊ မီးမလာတာကလွဲရင်တော့ အခြားဆိုးဆိုးရွားရွားဖြစ်တာတော့မရှိဘူး” ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတဦးမှ ပြောကြားသည်။
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း MOCHA သည် ယနေ့နံနက် တိုင်းထွာချက်အရ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၆၀ ကျော် အထိ ရောက်ရှိနေပြီ ဖြစ်သောကြောင့် Category 5 (အဆင့် ၅) သတ်မှတ်လိုက်ကြောင်း မိုးလေဝသ ဝက်ဆိုဒ်တွေအရ သိရှိရသည်။
မုန်တိုင်းသည် ယနေ့ မေလ ၁၄ ရက်နံနက်မှ ၁၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လေပြင်းများ တိုက်ခိုက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၆၀ အထိတိုက်ခတ်နိုင်သဖြင့် ပြည်သူများအနေဖြင့် မုန်တိုင်းမ၀င်သော်လည်းဂရုစိုက်နေထိုင်ကြရန်လည်း ထုတ်ပြန်ထားကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းများနှင့် မီသတ်များအနေဖြင့် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်းသိရှိရသည်။