ရှမ်းပြည်နယ်၊တအောင်းဒေသရှိ မန်တုံမြို့တွင် မှိုချဉ်စားရာမှ အစာအဆိပ်သင့်ပြီး သားအမိနှစ်ဦးသေဆုံးကာ မြေးဖြစ်သူဆေးရုံရောက်နေကြောင်း သိရသည်။
မတ်လ ၃၀ရက်နေ့က မန်တုံမြို့နေ အသက် ၇၈နှစ်အရွယ် အမျိုးသမီးတစ်ဦး မှိုချဉ်စားသုံးရာမှ အစာအဆိပ်သင့်ကာ သေဆုံးသွားခဲ့သဖြင့် သမီးဖြစ်သူနှင့် မြေးဖြစ်သူတို့လာရောက်ပြီး နောက်မှိုချဉ်ထပ်မံစားသုံးမိခဲ့ကြောင်း မန်တုံမြို့အခြေစိုက် လှုမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၃၀ရက်နေ့က အမေဖြစ်သူသေလို့ မန်လုံကနေ မန်တုံကို လိုက်လာတာ။သူတို့ဇာတိက မန်လုံရွာက။သူ့အမေဆီကိုလာရင်း ဗိုက်ဆာလို့ဆိုပြီး သူ့အမေအိမ်မှာရှိနေတဲ့ မှိုချဉ်ကို ထပ်စားလိုက်တာ။၁၃နှစ်အရွယ်မြေးမလေးကလည်း စားတယ်။ဒါပေမယ့် လူငယ်ဆိုတော့ မသေဘူး။ဆေးရုံကိုရောက်လို့အသက်ရှင်တယ်” ဟု ၎င်းကပြောသည်။
မှိုချဉ်စားသုံးပြီးသေဆုံးခဲ့သည့် အသက်၇၈နှစ်အရွယ် အမျိုးသမီးကြီးကို မေလ ၁ရက်နေ့က မီးသင်္ဂြိုလ်ခဲ့ပြီး ထပ်မံ သေဆုံးသွားသည့် အသက် ၃၀ကျော်အရွယ် သမီးဖြစ်သူ ကို ယနေ့ မီးသင်္ဂြိုလ်ခဲ့ကြောင်းသိရသည်။
“ တကယ်တော့ မှိုချဉ်ဆိုတာ ဒီဘက်အခေါ်အဝေါ်ပေါ့။မှိုသွားကောက်ပြီး ချက်စားရာက မှိုအဆိပ်အတောက်ဖြစ်တာ။တစ်ရက်ခြားဆီ သေသွားကြတာပေါ့။အခုတော့ သဂြိုလ်ပြီးပါပြီ” ဟု ၎င်းကပြောသည်။
ဆေးကုသမှုခံယူနေသည့် အသက် ၁၃နှစ်အရွယ်မြေးဖြစ်သူသည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမှ ကျော်လွန်ကာ ဘေးကင်းသွားပြီဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။