စစ်ကိုင်းတိုင်း၊မုံရွာမြို့ ကညန ရုံးရှေ့တွင် ဆက်ကြေးကောက်နေသည့် စစ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးကြောင်း ဓားမဆိုင်းတပ်မတော် ထံကသိရသည်။
ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က မုံရွာမြို့၊နတ်လူထိပ်ပန်ရပ်ကွက်ရှိ ကညန ရုံးတွင်တပ်စွဲထားသော စစ်သား ၁၅ ဦးခန့်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပစ်ခတ်မှုကတော့ ကိုယ်တပြန် သူတပြန်ပဲ။ကျနော်တို့ စပစ်တာနဲ့ စစ်သား ၂ ယောက်လဲကျသွားတယ်။အဲ့ဒီမှာ သူတို့ကချက်ချင်းပြန်ပစ်တာ။ကျနော်တို့ ပြန်ဆုတ်တော့ သူတို့က နောက်ကလိုက်ပစ်တယ်။ရဲဘော်တစ်ယောက်ဆို ဖိနပ်ပါ ကျွတ်ကျန်ခဲ့တယ်။အထိအခိုက်မရှိအောင်လုပ်ရတာ။မြို့ပေါ်တိုက်ပွဲတွေက သတင်းကြိုထောက်ရတယ်။အန္တရာယ်လည်းများတယ်”ဟု ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်ကပြောသည်။
သေဆုံးသွားသော စစ်သား ၂ ဦးမှာ ကညနရုံးရှေ့တွင် ဖြတ်သွားဖြတ်လာပြည်သူများထံမှ ငွေတောင်းရမ်းနေခြင်းဖြစ်ပြီး ၎င်းတို့၏အလောင်းများကို မုံရွာမြို့တော်ခန်းမ သို့သယ်ဆောင်သွားကြောင်းသိရသည်။
စစ်သား၂ဦးသေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ်(၂၈) တပ်ရင်း ဓားမဆိုင်းတပ်မတော် နှင့်Monywa The Boys၊Spring Dove၊Monywa Nightking၊5/UG၊စေတန် PDF အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအားလုံး အထိအခိုက်မရှိကြောင်းသိရသည်။