စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အနီးတဝိုက်ရှိ ရွာများကို စစ်ကောင်စီတပ်ဖွဲ့များမှ နေ့စဉ် ဆက်တိုက် စစ်ကြောင်းထိုးမှု များရှိလာနေပြီး လေယာဉ်နှင့်ပစ်ခတ်မှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။
ယနေ့ နံနက်ပိုင်း ရှစ်နာရီခန့်က ကန့်ဘလူမြို့နယ် ပဇီလေး အရှေ့ဘက်တွင် ရောက်ရှိနေသည့် စစ်ကောင်စီ အင်အား ၆၀ ခန့်သည် ပဇီလေး အနောက်ဘက် သရက်ချောင်းဘက်အထိ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျန်တဖက်ရှိ အင်ပင်ပြန့်ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီ အင်အား ၁၅၀ ခန့်က တောင်ဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မနေ့က စခ အင်အား ၁၅၀ ခန့်က မြေမွန်မြောက်ဘက် အင်ပင်ပြန့်ဘုန်းကြီးကျောင်းထဲ ရောက်နေတာ။ ဒီနေ့ မနက်ပိုင်းမှာ တောင်ဘက်ကို ဦးတည်သွားပြီ။ မနေ့က နှစ်နေရာလောင် အပြန်အလှန်ပစ်ခတ်တယ်လို့ ကြားတယ်။ ကျေးရွာတွေကတော့ အကုန်ပုန်းရှောင်နေကြရတာပေါ့။ ညောင်ဇင်ဘက်မှာတော့ ပျူတကောင် မိုင်းထိသေတာလို့ ကြားတယ်ဗျ။ ကျန်တာကတော့ အထိအခိုက် မသိရသေးဘူး။ ဟု ဒေသခံ ရွာသားတစ်ဦးမှ ယနေ့တွင် MPA သို့ အတည်ပြု ပြောသည်။
ဧပြီလ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲကျော်တွင် ကန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သေးကြောင်း ကန့်ဘလူမြို့နယ်မှ ပြည်သူ့ရဲဘော်တစ်ဦးမှလည်း ယင်းဒေသအခြေအနေကို ပြောကြားသည်။
ဇင်းနဲ့ ပေကုန်းကြားနဲ့ ဇင်းခွေးကုန်းရဲ့ အရှေ့တောင်ဘက် တာဝါတိုင်ကုန်းအနီးကို ဗုံးသီး နှစ်လုံး ချသွားတာပါ။ ထိခိုက်မှုတော့ မရှိဘူး။ ကိုယ်တွေဘက်ကလည်း အဲ့ဒီနားက အထိုင်ချတဲ့ စခ စခန်းတခုကို ဝင်တိုက်တာဗျ သတင်းရလို အပေါ်ကနေ ဝဲပြီး ပစ်ချသွားတာ ဖြစ်တယ်ဗျ။ ဟု ရဲဘော်က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကန့်ဘလူနယ် မြောက်ဘက်ခြင်းရှိ ဇင်းရွာ၊ ချပ်ကြီးရွာ၊ ချပ်သင်းရွာတွင် ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှ စစ်ကောင်စီတပ်ဖွဲ့ ထွက်သွားသည့်အခါ ကျေးရွာ အိမ်ခြေ ၈၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံ ရွာသား၏ ပြောကြားချက် အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးကျေးရွာသို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများ အပါအဝင် လူ ၁၇၄ ဦး သေဆုံးခဲ့ကြောင်း အဲ့ဒီနောက်ပိုင်းမှာလည်း စစ်ကောင်စီဘက်မှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေသလို လေကြောင်းမှလည်း ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။
ပဇီကြီးကျေးရွာအပါအဝင် ချောင်းသာကျေးရွာ၊ လေးတွင်းစဉ်ကျေးရွာ၊ မယ်ဇတောကျေးရွာနှင့် ရွာသာယာကျေးရွာ စသည့် အနီးအနားကျေးရွာများမှ ဒေသခံ ၅၀၀၀ ခန့် စစ်ဘေးလွတ်ရာသို့ ရှောင်နေရကြောင်း သိရသည်။