ရန်ကုန်မြို့အတွင်းပြေးဆွဲနေကြသော တက္ကစီအငှားယာဥ်မောင်းများအနေဖြင့် အာဏာသိမ်းကာလ ၂ နှစ်ကျော်ကာလအတွင်း မသမာသူများက ခရီးသည်အယောင်ဆောင်ကာ အကြမ်းဖက်လုယက်နှောင့်ယှက်မှုများကို ခပ်စိပ်စိပ်ကြုံတွေ့လာရခြင်းကြောင့် သတိထား၍ သွားလာမောင်းနှင်နေရကြောင်း အငှားယာဥ်မောင်းသမားများထံမှ စုံစမ်းသိရှိရသည်။
အသက်အန္တရာယ်စိုးရိမ်ရသည်အထိ အကြမ်းဖက်ရန်ပြုခြင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုများရှိသော်လည်း စားဝတ်နေရေးအတွက် မဖြစ်မနေ ထွက်နေရသဖြင့် တစ်ဘက်တွင်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် အထိုက်အလျောက် ပြင်ဆင်ထားရသည်ဟုလည်း ဆိုသည်။
“ သတိထားနေရတာပေါ့။ လူအခြေအနေကြည့်ပြီး တင်ရတာပေါ့။ နည်းနည်းမှောင်တာနဲ့ မထွက်တော့ဘူးလေ။ ကြောက်တာတော့ကြောက်တာပေါ့။ ကိုယ့်မှာလည်း လက်နက်ဆောင်ထားရတယ်လေ။ ဘီးချွတ်တံကို အနားဆောင်ထားရတယ်။ တစ်ခုခုဆို ကိုယ်လည်း ပြန်ခုခံလို့ ရအောင်ပေါ့။ မလုပ်လို့လည်း မရဘူးလေ” ဟု အငှားယာဥ်မောင်းတစ်ဦးက MPA သို့ ရှင်းပြသည်။
ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က တက္ကစီယာဥ်မောင်းအမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သေးသည်။
ထို တက္ကစီအမျိုးသား၏ ရုပ်အလောင်းကို ကားပြန်တွေ့အပြီး နောက်တစ်ရက်ဖြစ်သည့် ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ သစ်တောဝင်းခြုံပုတ်ထဲတွင် ဓားဒဏ်ရာများနှင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။