ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တွင် ယမန်နေ့၊ ညနေပိုင်း၌ မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းများ ပြင်းထန်စွာတိုက်ခတ်ခဲ့သည့်အတွက် နေရာအချို့တွင် သစ်ပင်များကျိုးကျကာ လမ်းခရီးပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
” မနေ့ ညနေက ညီမတို့ဘက်မှာ မိုးရွာပြီး လေပြင်းတိုက်တာ သစ်ပင်တွေကျိုးကျ၊ နေအိမ်တဲတွေလည်း အမိုးတွေလန်ကုန်တယ်။ လမ်းမတွေပေါ်မှာဆိုရင်လည်း သစ်ပင်ကျိုးကျတော့ လမ်းတွေပါပိတ်ဆို့ကုန်လို့ လမ်းဝိုင်းရှင်းပေးခဲ့ရသေးတယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ် နွေရာသီသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အပူချိန်လွန်ကဲလျက်ရှိနေသည်။ မိုးများလေ့ရှိသည့် ကရင်ပြည်နယ်၌ပင် အပူဒဏ်ကို ပြင်းထန်စွာခံစားနေရပြီး မြစ်များတွင်လည်း ရေများခမ်းခြောက်လျက်ရှိကာ ရေမလုံလောက်မှု ပြဿနာများဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
“ မိုးရွာပါစေလို့ ဆုတောင်းနေတာ။ ရာသီဥတုက အရမ်းပူတော့လေ၊ သင်္ကြန်မတိုင်ခင်ကတည်းက မိုးများကျမလားဆိုပြီး မျှော်နေတာ။ ကျွန်မတို့ဘက်မှာ တစ်နေ့ကအထိကို မိုးက လုံးဝ မရွာတော့ ပိတောက်တွေတောင် မပွင့်ဘူးရယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ မိုးလေဝသခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ယနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၈၀) ရှိကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။