တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က KNU တပ်မဟာ ၄အနီးဂိတ်ချကာ စားနပ်ရိက္ခာ၊လောင်စာဆီ နှင့် ပိုက်ဆံကို အကန့်အသတ်ဖြင့်သာသယ်ဆောင်ခွင့်ပြုနေကြောင်း သိရသည်။
ဧပြီ ၁၇ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က KNUတပ်မဟာ ၄၊တပ်ရင်း ၇၊တပ်ခွဲ ၂နယ်နိမိတ်အနီးရှိ နန်းတောင်ရွာနှင့် မကျည်းကုန်းရွာတို့တွင် စစ်ဆေးရေးဂိတ်များပြုလုပ်ကာ ပြည်သူများအား စစ်ဆေးလျက်ရှိကြောင်း ပုလောမြို့နယ်၊နန်းတောင်ရွာသားတစ်ဦးကပြောသည်။ “ အခုက ပိုက်ဆံဆို ၁သိန်းနှစ်သိန်းလောက်ပဲရတယ်။ဆယ်သိန်းကျော်ရင်သိမ်းတယ်။ဝက်သားတို့ ကြက်သားတို့ဝယ်လာလို့ များရင်လည်း သိမ်းတယ်။ဓာတ်ဆီဆိုလည်း သူတို့သတ်မှတ်ထားတဲ့ ဆိုင်ကယ်တစ်စီးစာကလွဲပြီးမသယ်ရဘူး။KNUနယ်မြေထဲ သွားပြီး ပေးမှာစိုးလို့ အဲ့လိုလုပ်တာ။သူတို့ကကြောက်ကန်ကန်ပြီးလုပ်တာ အရေးမကြီးဘူး။ဒီမှာ ဆီဈေးကျရင်တောင် ဝယ်စုထားလို့မရတော့ဘူး။ဝက်သားဆိုလည်း ပိဿာလိုက်ဝယ်လာရင်ကို ကွိုင်ရှာခံနေရတာ” ဟု ၎င်းကပြောသည်။
ယင်းသို့ စစ်ကောင်စီတပ်က ကန့်သတ်လာခြင်းမှာ ပုလောအခြေစိုက် တော်လှန်ရေးအင်အားစုများကို မနိုင်မှန်းသိ၍ ဖြတ်လေးဖြတ်ထဲမှ ဖြတ်သုံးဖြတ်လမ်းစဉ်ကို ကျင့်သုံးလာခြင်းဖြစ်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ သူတို့ဒီလိုလုပ်တာ လေးရက်ရှိပြီ။တစ်ပတ်လောက်လုပ်မယ်ကြားတယ်။ဖြတ်လေးဖြတ်ကို စတင်နေတာပေါ့။တစ်ခုပဲ လိုင်းတော့ မဖြတ်သေးဘူး။ထောက်ပို့တွေကို ရှင်းတဲ့ သဘောပဲ။စစ်ကြောင်းက မထိုးသေးဘူး။ငြိမ်နေတာ တစ်ပတ်ကျော်ပြီ။အခု ပုလောထဲက လက္ကူးရွာနားမှာပါ ဂိတ်ချပြီး လောင်စာဆီတွေကို အကန့်အသတ်နဲ့ ဝယ်ခိုင်းနေတယ်” ဟု ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ပုလောမြို့နယ်အတွင်းရှိ Wave Money ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူများကို ဖမ်းဆီးကာ ပုလောမြို့မရဲစခန်း၌အကြပ်ကိုင်ကာ ငွေညှစ်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။