တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာရွာတွင် စစ်တပ်ထောက်တိုင် ပျူစောထီးများက ပြည်သူ့လုံခြုံရေး ယူပေးနေသည်ဟုဆိုကာ တစ်အိမ်ထောင်ကို တစ်လ ကျပ်သုံးထောင် ကောက်ခံနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇူလိုင်မှ စတင်ပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးတပ်များ သည် ကျောက္ကာရွာထိပ်တွင် လုံခြုံရေးကင်းဟု နာမည်တပ်ကာ အရက်ဝိုင်းနေ့စဉ်ပြုလုပ်နေပြီး ပြည်သူ များက တစ်အိမ်ထောင်စုလျှင် ကျပ် ၃၀၀၀ အကြောင်းမဲ့ လစဉ်ထောက်ပံ့နေရကြောင်း သကျက်ကမ်းကျေးရွာသူ တစ်ဦးကပြောသည်။
“ ဒီမှာက တစ်အိမ်ကို သုံးထောင်ပေးရတာ မဟုတ်ဘူး။ မိသားစုတစ်စုကို သုံးထောင်ပေးရတာ။ တစ်အိမ်ကို မိသားစု နှစ်စုကနေ လေးစုအထိနေကြတော့ တစ်လကို မိသားစုများတဲ့ အိမ်တွေက တစ်သောင်းကျော်ပေးရတာပေါ့။ ဒီကောင်တွေက ရွာထိပ်တဲထိုးပြီး ရွာထဲက ဆတ်ကြေးကောက်လို့ရတဲ့ ပိုက်ဆံတွေကို စစ်တပ်ကို ပေးပြီး သူတို့က အရက်သောက်လိုက်၊ မိန်းမကို ရွှေဆင်လိုက်နဲ့ လုပ်နေကြတာ” ဟု၎င်းကပြောသည်။
ပုလောမြို့နယ်ရှိ ကျောက္ကာရွာသည် ရပ်ကွက်လေးခုပေါင်းထားသည့် ကျွန်းရွာကြီးဖြစ်ပြီး အိမ်ခြေ ၈၅၀ ခန့်ရှိကာ လူဦးရေ လေးထောင့်ရှစ်ရာကျော် နေထိုင်သည့် ရေလယ် ကျွန်းရွာကြီးဖြစ်ကြောင်း ကျောက္ကာရွာသားတစ်ဦးက ပြောသည်။
“ ကျောက္ကာရွာဆိုတာက ရာဇဂြိုဟ်၊ သကျက်ကမ်း၊ ဆတ်ဆွဲအော်နဲ့ ကော့ဒေး ရွာလေးခု ပေါင်းထားတာ။မြို့နဲ့ဝေးတဲ့နေရာဆိုတော့ ပျူစောထီးတွေ ဗိုလ်ကျသမျှ ခံနေရတာ” ဟု ၎င်းက ပြောသည်။
ကျောက္ကာရွာသည် ကျွန်းစုရွာဖြစ်သောကြောင့် မြို့နှင့် အလှမ်းဝေးသည့်ရွာဖြစ်သည်။