27 Feb 2023 By MPA 001
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နှင့် ပခုက္ကူ မြို့နယ်အစပ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်သားအများအပြားအထိနာခဲ့ပြီး သိန်း ၂၇၀ကျော်တန်ဖိုးရှိသည့် ဒရုန်းတစ်စီးပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Dog Hunter Uav Force၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ရက်နေ့က ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းမှ သံပုရာပင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို Dog Hunter Uav Forceနှင့် မဟာမိတ်တပ်ပေါင်းစုများက ဒရုန်းတိုက်ခိုက်ရေးနှင့် မြေပြင်တိုက်ခိုက်ရေးများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ စဖြစ်တာက ၂၄ရက်နေ့ကနေ ၂၆ရက်နေ့အထိသုံးရက်ပေါ့။တပ်မရွာကနေ ကျောက်ကြီးအနောက်ဘက်ကို တောလမ်းအတိုင်း သွားတဲ့ စစ်တပ်ကို ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့က အီနာဂါ ၂လုံးချတိုက်ခိုက်တယ်။၁လုံးပဲပေါက်ကွဲတယ်။အဲ့နေ့တစ်နေကုန်ချကြတာပါ” ဟု Dog Hunter Uav Force၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၅ရက်နေ့နံနက်ပိုင်းတွင် တိုက်ပွဲပြန်လည်စတင်လာခဲ့ပြီး Dog Hunter Uav Force၏ 7Kg အလေးချိန်ရှိ ဒရုန်းဖြင့် အီနာဂါဗုံးသီး ၁၃လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ကာ မြေပြင်တိုက်ခိုက်ရေးကိုပါ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရှိမှုများရှိကြောင်း Dog Hunter Uav Force၏ တပ်ခွဲမှူးက ပြောသည်။
” ၂၅ရက်နေ့ မနက် ၁၀နာရီကနေ ၁၁နာရီအထိတစ်ခါဖြစ်တယ်။ဒါက ဒရုန်းတိုက်ခိုက်မှုပေါ့။အထိအခိုက်တော့ သိပ်မရှိဘူး။အီနာဂါတွေက ကျွန်တော်တို့ကိုယ်တိုင်လုပ်တဲ့ လက်လုပ်တွေဆိုတော့။နေ့ခင်း ၁နာရီလောက်မှာ ခဏနားပြီး နေ့လည် ၃နာရီကနေ ၇နာရီအထိ မြေပြင်တပ်ဖွဲ့တွေဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေပစ် ကျွန်တော်တို့ဘက်က ဒရုန်းငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
မကွေးတိုင်းအခြေစိုက်၊Drone တပ်ရင်း ၁၊Drone တပ်ခွဲ ၄၏ Dog Hunter Uav Forceသည် မဟာမိတ်တပ်ပေါင်းစုများနှင့်ပူးပေါင်းကာ ဆိပ်ဖြူမြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်း ထိုးလာသည့်စစ်တပ်အား ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အထိ ပခုက္ကူမြို့နယ် မြောက်ပိုင်းတွင် တိုက်ပွဲ ၂ကြိမ်နှင့် ဆိပ်ဖြူမြို့နယ်စပ်တွင် တိုက်ပွဲတစ်ကြိမ် သုံးရက်တိုင်တိုင်တိုက်ခိုက်ခဲ့ကြောင်း MPAက စုံစမ်းသိရသည်။
လက်ရှိတွင် Dog Hunter Uav Forceအနေဖြင့် အထက်ပါ စစ်ကောင်စီနှင့် တိုက်ခိုက်သည့် တိုက်ပွဲအတွင်း ဝေဟင်တိုက်ခိုက်မှုပေါင်းအကြိမ် ၅၀ထက်မနည်း တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရသောကြောင့် ပြန်လည်ဖြည့်တင်းရန် အကူအညီများစွာလိုအပ်နေကြောင်းသိရသည်။