တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း လူအင်အားအခိုင်အမာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ကြကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ၃နာရီခွဲခန့်က နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီ အဓမ္မပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာအားကိုင်စွဲကာ ချီတက်သပိတ်မှောက် ခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ_ထားဝယ်ခရိုင် (DDMSC)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ မနေ့က လူအင်အားက ၃၀၀ကနေ ၅၀၀ကြားရှိတယ်။ နေ့လည် ၃နာရီခွဲကစတာပါ။လောင်းလုံးမြို့နယ် အောက်ဘက်က မိန်းလမ်းမကြီးပေါ်မှာရှိတဲ့ ရွာတစ်ရွာမှာ ပြုလုပ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) အနေဖြင့် စစ်အာရှင် သက်ဆိုးရှည်စေမည့် ဖက်ဆစ်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်သွားမည်ဖြစ်ပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ချီတက်သွားဖြစ်ကြောင်းပြောသည်။
“ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ပပျောက်စေရန်ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က စတင်ပြုလုပ်ခဲ့တာပါ။နောင်လည်း လုပ်သွားမှာပါ” ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)နှင့် လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် သပိတ်အင်အားစုလူငယ်များသည် ဘေးလွတ်ရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။