စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်ရှိ ပျူစောထီး အားကောင်းသည့်ရွာ၂ရွာ၌ တစ်ရက်အတွင်း ပြည်သူ ၉ ဦး မိုင်းထိမှန်ခဲ့ကာ ၈တန်းကျောင်းသား ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၅ရက်နေ့ တစ်ရက်တည်းတွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ပျူစောထီး အားကောင်းသည့် ညောင်ဇင်ရွာနှင့် သင်ပေါင်းကျင်းရွာတို့တွင် ဒေသခံ ၉ ဦး မိုင်းထိမှန်ခဲ့ ခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီ ၂၅ ရက်၊ညနေ ၄ နာရီခန့်က သင်ပေါက်းကျင်းရွာအနီး လယ်တောဘက်နွားကျောင်းနေသည့် သင်ပေါင်းကျင်းရွာနေ ၈တန်းကျောင်းသား၂ဦးနှင့်၄တန်းကျောင်းသားတစ်ဦးတို့ မိုင်းထိမှန်ခဲ့ပြီး ၈တန်းကျောင်းသားမောင်ဖြိုးဝေအောင်(၁၅နှစ်)ပွဲချင်းပြီးသေဆုံးခဲ့ကာ ၎င်း၏ညီ အရင်း အသက်၁၀နှစ်ဝန်းကျင်ရှိ မောင်တုတ်ပေါမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများ ဖော်ပြနေသည့် Infinity Group က ဖော်ပြသည်။
ဖေဖေါ်ဝါရီ၂၅ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဇင်ရွာအဝင်လမ်း၌ ညောင်ဇင်ရွာသား၄ဦးနှင့် ကာဘိုးရွာ မှဈေးလာရောင်းသည့် ဈေးသယ်လင်မယားတို့ မိုင်းထိမှန်ခဲ့သည်။
“ကျနော်တို့တစ်နယ်လုံးသိကြတယ်။ဒီလို ရွာအဝင်လမ်းလိုနေရာမျိုးမှာ မိုင်းထောင်တာ ပျူစောထီးတွေ လုပ်တယ်ဆိုတာ။တစ်ရက်တည်းနဲ့ ၉ဦးထိတယ်ဆိုတာ ဘယ်လောက်အောက်တန်း ကျသလဲဆိုတာ”ဟု ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့ရွာသား စစ်ရှောင်တစ်ဦးကပြောသည်။
ယခုအခါ ပျူစောထီးကြီးစိုးထားသည့်ရွာများက ဒေသခံများမှာ မိုင်းထိမည်စိုး၍ ရွာအပြင်မထွက်ရဲကြ ကြောင်း ၎င်းကပြောသည်။“PDF တွေလာတိုက်မှာကြောက်ပြီး ပျူတွေ လူသွားလမ်းတွေပေါ်မိုင်းလျှောက်ထောင်ထားတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုလိုမိုင်းထောင်ခြင်းကို ပျူစောထီးတို့ကျူးလွန်ကြောင်း ဒေသခံများက အခိုင်အမာပြောဆိုနေသည်ဟု Infinity Group က ဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း လယ်တောသွားသည့်ညောင်ဇင်ရွာသား တဦးနှင့်နွား ၂ ကောင် မိုင်းထိပြီး ဒဏ်ရာရရှိခဲ့သေးသည်။