တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီ၏ ဝါဒဖြန့် စာစဉ်များကို သိမ်းဆည်းကာ မီးရှို့ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၏ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်စာစဉ်များကို ယနေ့မွန်းလွဲ ၁၂နာရီခွဲခန့်က PRDFတပ်ဖွဲ့၏ တို- သင်္ကန်းတော -ကဒဲ လမ်းပိုင်းစစ်ဆေးမှုအတွင်း Express ကားတစ်စီးပေါ်က သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
“ ဒီနေ့ နေ့လည်ပိုင်းကမိတာ။ ကဒဲနားမှာ မိတာပေါ့။ Expressကားနဲ့ တင်လိုက်တာ။ ကားနာမည်ကတော့ မပြောတော့ပါဘူး။ ခွေးတွေတော့ မပါလာဘူး။ စစ်ကောင်စီရဲ့ ဝါဒဖြန့်စာတွေပေါ့။ PDFတွေက ရွာမီးရှို့တာတို့ ဘာတို့ရေးထားတာပါတယ်။ ဘယ်ကိုပို့ဖို့လည်းဆိုတာတော့မသိဘူး” ဟု ၎င်းကပြောသည်။
သိမ်းဆည်းရမိသည့် စစ်တပ်ဝါဒဖြန့်စာစဉ်များကို တို- သင်္ကန်းတော -ကဒဲ လမ်းပိုင်းတွင် PRDFတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ပစ္စည်းတင်ဆောင်လာသည့် ကားဒရိုင်ဘာနှင့် ယာဉ်အကူအား သတိပေးစကားပြောကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ ကားကိုတော့ ပြည်သူတွေပါနေလို့ နောက်တစ်ခါမလုပ်ဖို့ သတိပေးပြီး ပြန်လွှတ်လိုက်တယ်။ စာရွက်တွေ စာအုပ်တွေကိုတော့ မီးရှို့လိုက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တို- သင်္ကန်းတော -ကဒဲ လမ်းပိုင်းပေါ် ဖြတ်သန်းသွားလာနေသည့် Expressကားများအပါအဝင် ယာဉ်ကြီး၊ယာဉ်ငယ်များအားလုံးကို စစ်ကောင်စီတပ်နှင့် မပတ်သက်ရန်နှင့် ၎င်းတို့၏ ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းမပြုရန် PRDFတပ်ဖွဲ့က သတိပေးထားသည်။