မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်း ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် Facebook ဆယ်လီ တစ်ဦး ရွာသို့ ပြန်ရောက်လာပြီး မကြာခင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီလ ၂၂ရက်နေ့၊ညနေ ၄နာရီကျော်က ကိုအောင်ချမ်းအေးဆိုသူကို ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများ ဖော်ပြနေသည့် KIT ကဖော်ပြသည်။
“ သူက ထိုင်းကနေ အလုပ်ကိစ္စနဲ့ ပြင်ဦးလွင်ရောက်နေတာ။ဘေဘီမောင်နဲ့ရော ပိုးကြာဖြူနဲ့ရော အင်တားဗျူးလုပ်လိုက်တဲ့ live တောင် လွှင်လိုက်သေးတယ်။သူ့နေအိမ်ကိုပြန်လာတော့ ဧည့်သည်နှစ်ယောက်ပါလာလို့ အုပ်ကြီးဆီဧည့်စာရင်းသွားတိုင်တာ။မိနစ်ပိုင်းပဲကြာတယ် ။ရဲနဲ့စစ်သားတွေလာပြီးဖမ်းသွားတာ။ဧည့်သည်နှစ်ယောက်ကိုတော့ မဖမ်းဘူး။အခုထိမလွှတ်ပေးသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၁ခုနှစ်၊မတ်လအတွင်းက စစ်ကောင်စီတပ်က ကိုအောင်ချမ်းအေးကို ဆန္ဒပြပွဲအတွင်းပါဝင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ဖြင့် ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့သဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်နေကြောင်း ကော့ထင်းကျေးရွာသားတစ်ဦးကပြောသည်။
“ သူ့ကို ပထမတစ်ကြိမ်လာဖမ်းတော့ သူ့အိမ်ကစိတ်ပူလို့ ထိုင်းမှာ အလုပ်လုပ်ခိုင်းထားတာ။သူထိုင်းရောက်သွားပြီးတဲ့နောက်မှာလည်း တစ်ခါလာဝိုင်းသေးတယ်။အခုက ဘာမှမဖြစ်တော့ဘူးလို့ သူ့အိမ်ကပြောလို့ပြန်လာတာ။သူလည်း နိုင်ငံရေးလုပ်နေတာမှမဟုတ်တာ” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် Facebook ဆယ်လီ ကိုအောင်ချမ်းအေးကို ကျိုက်ထိုမြို့မရဲစခန်း၌ ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း MPAက စုံစမ်းသိရသည်။