ရခိုင်တွင် အပစ်ရပ်ထားပြီးနောက်ပိုင် ယခုလအတွင်း စက်သုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာနေသည်ဟု ဒေသခံပြည်သူများနှင့် စက်သုံးဆီအရောင်းဆိုင်များက ဆိုကြသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်ရပ်လိုက်ပြီးနောက် စက်သုံးဆီစျေးနှုန်းများ ကျဆင်းခဲ့သော်လည်း ယခုပြန်လည်းတက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။
” ဆီစျေးက တက်နေတုန်းပါပဲ။ ၂၅၀၀ ကျော်အထိ ဖြစ်နေပါပြီး။ ဒီထက် ပိုတက်လာရင် ပိုပြီး အဆင်မပြေဖြစ်လာနိုင်ပါတယ်။ အခုက အလုပ်အကိုင်တွေလည်း အဆင်မပြေကြဘူးလေ” ဟု စစ်တွေမြို့ရှိ စက်သုံးဆီ ဝယ်ယူသုံးစွဲသူတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် ယခုလက်ရှိ စက်သုံးဆီ တစ်လီတာကို အနည်းဆုံး ကျပ် ၂၅၀၀ အထိ ဖြစ်နေပြီး အချို့မြို့နယ်များနှင့် အချို့နေရာများတွင် ထိုစျေးဖြင့်ဝယ်ယူ၍ မရကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ရခိုင်တွင် တရားဝင်ခွင့်ပြုချက်ဖြင့် ရောင်းချနေသည့် ဆီဆိုင်များတွင်ပင် နေ့စဥ် တရားဝင် သတ်မှတ်စျေးထက် ပိုများနေပြီး စက်သုံးဆီဝယ်ယူမည့် ပြည်သူများလည်း အချိန်အကြာကြာ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေကြရသည်ဟုလည်း ဆိုကြသည်။
ထိုကဲ့သို့ စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာနေသဖြင့် ခရီးသွားပြည်သူများ၊ တစ်ပိုင်တစ်နိုင်နှင့် အသေးစား လုပ်ငန်များအတွက်လည်း ထိခိုက်မှုများရှိနေသည်ဟု ဆိုကြသည်။
” ကားခတွေ စျေးတက်တော့ အရင်လို ခရီးသည်တွေ သိပ်မရတော့ဘူး။ လူတိုင်းက အရင်သိပ်မသွားကြတော့ဘူး။ ခရီးသည်နည်းတော့ ကားသမားတွေလည်း ဆီစျေးတွေနဲ့ သိပ်မကိုင်တော့ဘူး။ ခရီးသည်ရဖို့ အကြာကြီးစောင့်ရတော့ ခရီးသည်တွေကလည်း မစောင့်ခိင်ကြဘူး။ ငြိုငြင်ကြတာပေါ့။ ဆီစျေးတွေ ပြန်ကျစေချင်ပါတယ်” ဟု စစ်တွေ-မြောက်ဦး ခရီးသည်များ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွက် ဇန်နဝါရီလ ၂၃ ရက်၊ ယနေ့အတွက် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ချက်မှာ အောက်တိန်း (92) တစ်လီတာကို ကျပ် ၂၄၅၀ ဖြစ်သော်လည်း အမှန်တကယ် ရောင်းချနေသည်မှာ အနည်းဆုံးကျပ် ၂၅၀၀ မှ ၃၀၀၀ ကျပ်အထိ တိုးမြှင့် ရောင်းချနေကြကြောင်း ဝယ်ယူသုံးစွဲနေကြသူများက ဆိုကြသည်။
ထိုအတူ 95 တစ်လီတာကို ကျပ် ၂၅၃၀ သတ်မှတ်ထားသော်လည်း ထိုစျေးနှုန်းထက် ပိုများနေသည့်အပြင် လိုသလောက်ဝယ်ယူမရရှိဘဲ အကန့်အသတ်ဖြင့်သာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရသည်ဟု ဒေသခံများက ဆိုကြသည်။
ရခိုင်တွင် အပစ်ရပ်ပြီးနောက် စစ်ကောင်စီပိတ်ဆို့ ကန့်သတ်ထားသည့် လမ်းများကို ပြန်ဖွင့်ပေးခဲ့သော်လည်း စက်သုံးဆီတင်သွင်းမှုများတွင် ကုန်ကျစာရိတ်များပြားနေသဖြင့် စက်သုံးဆီအရောင်းစျေးနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟု ရခိုင်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့က ဆိုကြသည်။