မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပင်သပြေကျေးရွာအနီးကို စစ်ကောင်စီတပ်ကမြေပြင်ရောဝေဟင်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယနေ့ နေ့ခင်း ၁၂နာရီ ဝန်းကျင်က လေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို မြေပြင်တပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းကျေးရွာအနီးနေ ဒေသခံများဆီက သိရသည်။
“ လေယာဥ်နဲ့လာပစ်သွားတယ်လို့ကြားတယ်၊ ရွာနားမှာလည်း မီးခိုးလုံးတွေတက်လာတာမြင်ရတယ်၊ လက်နက်ကြီးသံတွေကောကြားရတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က ပင်သပြေကျေးရွာဘက်ကို အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်းဒေသခံအချို့ကပြောပြီး ထိခိုက်ပျက်စီးမှုကိုမူ အတည်မပြုနိုင်သေးပေ။
လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမရှိဘဲ ခဏတာပစ်ခတ် ခြင်းသာရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ညနေပိုင်းအထိ ပင်သပြေကျေးရွာ ဝန်းကျင်တွင် ရှိနေသေးပြီး မည်သည့်အဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ကိုမူMPA အနေနှင့် အတည်မပြုနိုင်သေးပေ။
၂၀၂၂ခုနှစ်ကလည်းပင်သပြေကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းကိုစစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့သေးသည်။