လှိုင်မြို့နယ်၊အုတ်ကျင်း-ဘူတာရုံလမ်းပေါ်ရှိ ရေခဲစက်မှ အမိုးနီးယားဂတ်စ်ထပ်မံယိုစိမ့်နေသဖြင့် မီးသတ်ကားများနှင့် လူနာတင်ကားများရောက်ရှိနေကြောင်း မာလာမြိုင်လမ်းနေသူတစ်ဦးက ပြောသည်။
“ တပ်မတော်ချည်မျှင်ဝန်းကြီးရှေ့က ရေခဲစက်မှာ အနံ့ကတော်တော်ပြင်းပြင်းထွက်နေတယ်။အခုလူနာတင်ကားတွေနဲ့ မီးသတ်ကားတွေအများကြီးရောက်နေတယ်” ဟု မာလာမြိုင်လမ်းနေသူတစ်ဦးက ပြောသည်။
ရေခဲစက်အတွင်း အမိုးနီးယားဂတ်စ်ယိုစိမ့်မှုသည် ယနေ့ ညနေ ၇နာရီခန့်က ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ရုံအနီးတဝိုက်တွင် အမိုးနီးယား ဂက်စ်နံ့များ ထွက်ပေါ်လျက်ရှိကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသူတစ်ဦးက ပြောသည်။
“ အခုဖြစ်နေတာ။အနံ့ကတော်တော်ပြင်းပြင်းပဲ။မျက်လုံးတွေလည်းစပ်တယ်။မီးသတ်ကား လေးစီးနဲ့ လူနာတင်ကား ၅စီးလာနေပြီ။အခုတော့ စက်ရုံနားရောက်နေကြပြီ” ဟု ၎င်းကပြောသည်။
ဇန်နဝါရီလ ၁၂ရက်နေ့ည ၈နာရီ ၁၅မိနစ်ခန့်က ယင်းရေခဲစက်အတွင်း အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မူးမေ့လဲသူများရှိကာ ဒေသခံပြည်သူ ၄၀ဦးခန့် ကိုဆေးရုံများသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယမန်နေ့ည ၁၁နာရီ ၄၀မိနစ်ခန့်တွင် အောင်မြင်စွာငြိမ်းသတ်ရှင်းလင်းပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် လှိုင်မြို့နယ်၊၁၃ရပ်ကွက် အုတ်ကျင်း-ဘူတာရုံလမ်းပေါ်ရှိ ရတနာစု ကုမ္ပဏီပိုင် ရေခဲစက်အတွင်း အမိုးနီးယားဂတ်စ်ထပ်မံယိုစိမ့်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာရှောင်တိမ်းနေရကြောင်း MPAမှ သတင်းရရှိသည်။
Photo – MPA