By MPA 001
အင်းစိန်ထောင်တွင်းရှိ အကျဉ်းသား ၇၀၀ခန့် လွတ်ငြိမ်းခွင့်ရရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ကပြောသည်။
အင်းစိန်ထောင်တွင်းရှိ လွတ်ငြိမ်းခွင့်ရ ၇၀၀ခန့်တွင် နိုင်ငံရေးအကျဉ်းသားမည်မျှပါသလဲဆိုသည်ကို မသိရသေးပေ။
“ အမျိုးသမီးက ၉၆ဦးပါတယ်။လောလောဆယ် တော့အထဲမှာ တရားနာခိုင်းနေတယ်ပြောတယ်။မလွှတ်သေးဘူး။အကြိုအပို့လုပ်မယ့်ကားတွေတော့ နှစ်စီးချင်းစီသွင်းနေတယ်” ဟု ၎င်းကပြောသည်။
အင်းစိန်အကျဉ်းထောင်အနီးတွင် ယနေ့နံနက် ၉နာရီဝန်းကျင်မှစတင်ကာ အကျဉ်းသူ/အကျဉ်းသားများနှင့် နီးစပ်သူများ၊မိသားစုဝင်များ လာရောက်စောင့်ဆိုင်းနေကြပြီး ယခုနေ့ခင်း ၁၂နာရီခွဲကျော်အထိ မလွှတ်သေးကြောင်း လာရောက်စောင့်ဆိုင်းနေသူတစ်ဦးက ပြောသည်။
“ မနက်က ရှေ့နေပြောသွားတာတော့ နိုင်ငံရေးအကျဉ်းသားတွေ များမယ်ပြောတယ်။ညနေလောက်မှ လွှတ်ပေးမယ်လို့ထင်တယ်တဲ့။ပေါက်တောဝဘက်ကနေတော့ မလွှတ်ဘူးလို့ပြောတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်းစိန်ထောင်ဗူးဝမျက်နှာစာတွင် CCTV ခြောက်လုံးတပ်ကာ အရံအတားများချထားပြီး ဓာတ်ပုံရိုက်သူများကို ဖမ်းဆီးနေကြောင်း MPA၏ မြေပြင်သတင်းထောက်က ပြောသည်။