စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ နေရာခင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ဆိုင်ကယ်လေးစီး နှင့် နေအိမ်နှစ်လုံးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံသတင်း အရင်းအမြစ်ထံမှ သိရသည်။
သြဂုတ်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေရာခင်းကျေးရွာ၌ တစ်ည တာစခန်းချနေထိုင်ခဲ့ပြီးကျေးရွာအတွင်းရှိ ပြည်သူများ၏နေအိမ်များကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးကာ ဒေသခံများမွေးမြူထားသော အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်စားသွားပြီးနောက် ကျေးရွာမှ ပြန်လည်ထွက်ခွာချိန်တွင် နေအိမ်များကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။
“အခုရွာကိုမီးရှို့သွားတဲ့အဖွဲ့က ဒီပဲယင်းနယ် လက်လှုပ် ၊ မူးသစ် ၊ ဖုတ္ထန်းတော ရွာကိုဝင်မွှေသွားတဲ့စစ် ကြောင်းတွေပါ ကိုမျိုးထွန်း နဲ့ ဦးတင်ညိုအိမ်တွေတော့မီးလောင်သွားပါတယ် ” ဟု နေရာခင်းကျေးရွာရှိ ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာမှထွက်ခွာချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၄ ဦးမှာလည်း လက်နက်ကြီးစထိမှန်သွားကြောင်းလည်း သိရသည်။
ထို့နောက်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာခင်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး နောင်ကြီးအိုင် ရဲစခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှာ နေရာခင်း ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည်မှာ သုံးကြိမ်ခန့်ရှိပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တိုင်းတွင် ဒေသခံပြည်သူများမှာ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။