တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေး မကောင်းသည့် အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦး အမောဖောက် သေဆုံးခဲ့ကြောင်း ယင်းစစ်ဘေးရှောင်စခန်းရှိ ဒေသခံတစ်ဦးထံမှ သိရသည်။
ရေဖြူမြို့ စစ်ရှောင်စခန်းမှဒေသခံတစ်ဦးက “ ကလေးက အဆုတ်သိပ်မကောင်းဘူး၊ အမောဖောက်တဲ့ ရောဂါ အခံလည်းရှိတော့ ဆေးဝါးမလောက်လုံမှုကြောင့် ဆုံးသွားတာဖြစ်တယ် ” ဟု ပြောသည်။
အဆိုပါ အသက်ဆုံးပါးသွားခဲ့သည့် အသက် ၁၁ နှစ် အရွယ် ကလေးငယ်မှာ မောင်နိုးနိုးလပြည့် ဆိုသူဖြစ်ပြီး ရုတ်တရက် အမောဖောက်ကာ ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ရှောင်စခန်း၌ ဆေးဝါးမလုံလောက်မှုနှင့် မိုးရာသီရောက်နေ၍ ရာသီဥတုအေးသည့် ဒဏ်များကိုလည်း စစ်ရှောင်ပြည်သူများ ခံစားနေရကြောင်း စစ်ရှောင် ဒေသခံများထံမှ သိရသည်။
အဆိုပါဒေသတွင် ပြီးခဲ့သည့်လပိုင်းက စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဧကနိ၊ ခမောင်းချောင်း ၊ ဝက်ချောင်း၊ ရငဲ၊ ပုဂေါဇွန်း ၊ ဇွမ်းတော့ရွာများမှ ဒေသခံ ၁,၀၀၀ နီးပါး နေအိမ်မှ စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် နေရာလည်း ဖြစ်သည်။
ထို့ကြောင့် ယင်း စစ်ရှောင်စခန်းတွင် မိုးရာသီကာလဖြစ်၍ ဆေးဝါးနှင့် စားနပ်ရိက္ခာများ၊ မိုးကာများ လိုအပ်နေပါကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရ သည်။