အင်းစိန်ထောင်ရှိ လူငယ်ဆောင်တွင် အကျဉ်းကျနေသည့် ဗကသဝန်းရံ ရဲဘော်နှစ်ဦးကို ထောင်အာဏာပိုင်များက မတရားနှိပ်စက်ပြီး တိုက် (၆) သို့ အဆောင်ပြောင်းပစ်လိုက်ကြောင်း MPA က စုံစမ်းသိရှိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဝန်းရံရဲဘော်နှစ်ဦးသည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့တွင် တရားဝင်အလေးပြုခွင့် တောင်းဆိုခဲ့သောကြောင့် ထိုသို့ မတရားနှိပ်စက် ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“အာဇာနည်နေ့မှာ တရားဝင်အလေးပြုခွင့် တောင်းဆိုလို့ဆိုပြီး အင်းစိန်ထောင် လူငယ်ဆောင်မှာ အကျဉ်းကျနေတဲ့ ဗကသဝန်းရံရဲဘော်နှစ်ဦးကို ထောင်အာဏာပိုင်တွေက မတရားရိုက်နှက်နှိပ်စက်ပြီး တိုက် ၆ ကို အဆောင်ပြောင်းပစ်လိုက်တယ်လို့ သိရပါတယ် ” ဟု ဗကသ ရဲဘော်တစ်ဦးက MPA သို့ ပြောပြသည်။
ထောင်အာဏာပိုင်များ၏ နှိပ်စက်မှုကြောင့် ရဲဘော်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုလည်း ဆိုသည်။
“ရိုက်နှက်နှိပ်စက်ခံရတဲ့ ရဲဘော်တဦးက ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်နေရပြီး ဆေးရုံဆောင်မှာ အောက်စီဂျင်ပေး ကုသနေရတယ်လို့ ကနဦး သိထားပါတယ် ” ဟု ဗကသ ရဲဘော်က MPA သို့ ဆက်လက်ပြောပြသည်။
ဇူလိုင်လ ၇ ရက်တွင်လည်း အင်းစိန် ဗဟိုအကျဥ်းထောင်ရှိ နိုင်ငံရေးအချုပ်နှောင်ခံများက “ 7July စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲ အလီလီဆင်နွှဲ ” ခေါင်းစဥ်ဖြင့် နှစ် ၆၀ ပြည့် 7 July လှုပ်ရှားမှုများကို ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း၌ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုနေ့က အင်းစိန် ဗဟိုအကျဥ်းထောင်ရှိ နိုင်ငံရေးအချုပ်နှောင်ခံများက ထောင်တွင်းတွင် ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အသက်စတေးခဲ့သော ကျောင်းသား/သူ၊ ရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား နေ့လယ် ၁၂ နာရီမှ ၁၂နာရီ ၇ မိနစ်ထိ ၇ မိနစ်တိတိ ငြိမ်သက်အလေးပြုခြင်း၊ 7 July သမိုင်းဖြစ်စဥ်အား ပြောကြားခြင်း၊ 7 Julyမှ ယနေ့အချိန်ထိ ခေတ်အဆက်ဆက် ကျောင်းသားနိုင်ငံရေး အခန်းကဏ္ဍအား ဂုဏ်ပြုစကားပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် အစီအစဥ် ၇ ရပ်ဖြင့် ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်းတွင် အကျဉ်းကျခံ အချုပ်အနှောင်ခံရသူများအနေဖြင့် လူအခွင့်အရေးနှင့် ဆန့်ကျင်သည့်ဖြစ်ရပ်များနှင့် ထောင်အတွင်းတွင် ရင်ဆိုင်နေကြရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁,၇၄၃) ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့အနက်မှ (၁,၃၄၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃,၀၄၇) ဦး ရှိပြီဖြစ်သည်ဟု AAPP က အစီရင်ခံထားသည်။