တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်မြောက်ပိုင်းတွင် ဘဏ်စနစ်လည်ပတ်မှု ရပ်တန့်နေသဖြင့် ဘဏ်များနှင့်ချိတ်ဆက်လုပ်ကိုင်ရသည့် အွန်လိုင်းငွေလွှဲလုပ်ငန်းများတွင် ငွေလွှဲခနှုန်းထားများကြီးမြင့်နေကြောင်း ဒေသခံများထံမှ သိရသည်။
“K pay, Wave Money တို့ကဘဏ်တွေ ပိတ်ထားတဲ့ အချိန်မှာတော့ အဆင်ပြေပါတယ်။ ရာခိုင်နှုန်းကြီးမြင့်တာတော့ရှိတယ်။ တချို့က ၂ ရာခိုင်နှုန်း၊ တချို့က ၆ ရာခိုင်နှုန်းယူတယ်။ ဒီလောက်က သက်သာတယ်လို့ ပြောလို့ရပေမယ့် တချို့အေဂျင်စီတွေက ၂၀ ရာခိုင်နှုန်းတို့ ၂၅ ရာခိုင်နှုန်းတို့ ဖြတ်တယ်။ အဓိကက ဘဏ်တွေက လုပ်ငန်းမလည်ပတ်တော့ အပြင်မှာ ဒီလိုတွေ ရာခိုင်နှုန်းအများကြီးနဲ့ လဲရတာပေါ့”ဟု မင်းပြား မြို့ခံတစ်ဦးက ရှင်းပြသည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေအပါအဝင် ရခိုင်တောင်ပိုင်းရှိ မြို့ ၅ မြို့တွင် ဘဏ်စနစ်လည်ပတ်မှုရှိနေသော်လည်း စစ်ကောင်စီ၏ ပြည်နယ်ကောင်စီရုံးစိုက်ရာ စစ်တွေတွင် အစိုးဘဏ်တစ်ခုသာ ဖွင့်ထားကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“ပုဂ္ဂလိက ဘဏ်တွေက ပိတ်ထားတာ ၁ လနီးပါးလောက်ရှိပြီ။ ပုဂ္ဂလိကဘဏ်ရော၊ အစိုးရဘဏ်ရော ပိတ်ထားပေမယ့် စီးပွားရေးဘဏ်တစ်ခုတော့ ဖွင့်တယ်။ သူက ငွေအလွှဲအပြောင်းတွေတော့ လုပ်မပေးဘူး။ ဖွင့်ထားတယ်ဆိုရုံ သပ်သပ်ပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားသော ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပုဏ္ဏားကျွန်းတို့အပါအဝင် မြို့ ၈ မြို့နှင့် စစ်ရေးပြင်းထန်နေသည့် အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့တို့တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေကြောင်း ဒေသခံများထံမှ သိရသည်။
“K pay, Wave Money တို့ကတော့ ဒီဘက်မှာ အဆင်ပြေပါတယ်။ ရာခိုင်နှုန်းတွေဖြတ်လို့ မထုတ်ဘူးဆိုရင် ကိုယ်ပဲ ငွေသားမရမှာ။ အခုက ထုတ်ပေးနေတဲ့ သူတွေကိုတောင် ကျေးဇူးတင်ရမယ့် အနေအထားဖြစ်နေတာ။ အရင်ကဆို ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေကို ဖြတ်ထားတော့ သူတို့တွေလည်း ထုတ်မပေးကြဘူး။ ထုတ်ပေးဖို့ မလွယ်တာပေါ့။ အခုကျတော့ အင်တာနက်လိုင်းလေး ပြန်အဆင်ပြေနေတော့ သူတို့လည်း ပြန်ထုတ်ပေးကြတာ။ တစ်ခါတစ်လေ လိုင်းမရတဲ့အခါတွေမှာဆိုရင်လည်း ထုတ်မရတာတွေတော့ ရှိတယ်။ အဲ့ဒီအတွက် ရာခိုင်နှုန်းတွေ ဖြတ်ကြတဲ့သဘောထင်ပါတယ်”ဟု မြောက်ဦးမြို့ခံတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအလိုက် အွန်လိုင်းငွေလဲလှယ်ခြင်းကို ရာခိုင်းနှုန်းပြောင်းလဲမှုများရှိနေပြီး မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့များတွင် ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိသော်လည်းကောင်း၊ စစ်တွေမြို့တွင် ၁.၇ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိသော်လည်းကောင်းအသီးသီးရှိနေကြောင်း ဒေသခံများကဆိုသည်။
“ဒီမှာရှိတဲ့ အစိုးရဘဏ်က ငွေလွှဲ၊ ငွေထုတ်ကို လုပ်မပေးတော့ ကိုယ့်ဘဏ်အကောင့်မှာရှိတဲ့ ငွေကိုသွားထုတ်လို့ မရဘူး။ အဲ့ဒီတော့ ရန်ကုန်ကလူဆီကိုလွှဲ သူ့ကို ဘဏ်မှာထုတ်ခိုင်းပြီးရင် ကေပေးနဲ့ ပြန်လွှဲဆိုပြီး လုပ်ရတာပေါ့။ အဲ့ကနေလွှဲတဲ့ငွေကို ဒီဘက်မှာက အဖွဲ့အစည်းကလို့ပြောပြီး ထုတ်ရင်တော့ ရာခိုင်နှုန်းဖြတ်တာ နည်းတယ်။ အများဆုံး ၂ ရာခိုင်နှုန်းလောက်အထိတော့ ဖြတ်တယ်။ မပေးရတာတော့ မရှိပါဘူး။ ရာခိုင်နှုန်းလောက်တော့ ပေးရတယ်”ဟု ရခိုင်ဒေသတွင်း ပရဟိတလုပ်ဆောင်ပေးနေသူတစ်ဦးက ဆိုသည်။
ဘဏ်စနစ်လည်ပတ်မှုမရှိသဖြင့် လွန်ခဲ့သည့် တစ်လခန့်ကပင် ရခိုင်ပြည်နယ်အတွင်း၌ ငွေသားပြတ်လပ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသေးကြောင်း သိရသည်။