ရခိုင်ဒေသအတွင်း တကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းပြားမြို့နယ်ရှိ ဒေသခံအယောက် ၃၀ ကျော်ကို သတ်ဖြတ်ခဲ့သလို အမျိုးသမီးများကိုလည်း အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ လူသားချင်းစာနာထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂ လအတွင်း ရခိုင်ဒေသတိုက်ပွဲများတွင် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်က ၄ ဦး၊ င/တန်ပျင်းရွာက ၃ ဦးတို့အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း အယောက် ၃၀ ကျော်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း လူသားချင်းစာနာထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ဆိုသည်။
“အစုလိုက်အပြုံလိုက် သတ်တာမျိုးတော့ မဟုတ်ဘူး။ ဟိုမှာ တစ်ယောက် ဒီမှာတစ်ယောက် သတ်သွားခဲ့တာ။ နောက်ပြီး မြို့ပေါ်တွေကို လေယာဉ်နဲ့ ဗုံးကြဲတဲ့အခါတွေမှာလည်း လူတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ တချို့လည်း ဒဏ်ရာရတာမျိုးတွေ ရှိတယ်။ တစ်နေရာတည်းမှာတော့ သတ်သွားတာမဟုတ်ဘူး။ တချို့သေဆုံးမှုတွေမှာဆိုရင် အိမ်ပေါ်ကိုတက်ပြီး သေနတ်နဲ့ ပစ်သွားတာမျိုးလည်း ရှိခဲ့တယ်”ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်အထိ ဖြစ်ပွားခဲ့သည့် မင်းပြားမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ခြင်းသည် အကြမ်းဖက်သည့်လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ လူသားချင်းစာနာထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“အယောက် ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတာကတော့ ဟုတ်ပါတယ်။ မင်းပြားမြို့ကို မသိမ်းခင် ၁၃ ရက်၊ ၁၁ လကတည်းကစပြီး မင်းပြားကို လက်နက်ကြီးတွေနဲ့ ခဏခဏပစ်ခတ်နေတာပဲ။ အဲ့ဒီတည်းက သေဆုံးမှုတွေက ရှိနေခဲ့တာ။ အခုလက်ရှိ မြို့ကို သိမ်းပြီးတဲ့အခြေအနေမှာလည်း လေကြောင်းတိုက်ခိုက်မှုက ရှိသေးတာဆိုတော့ ဒီလိုလက်နက်ကြီးတိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရေအတွက်ကို စုမယ်ဆိုရင်တော့ အယောက် ၃၀ ထက်မနည်းရှိပါတယ်”ဟု မင်းပြားမြို့တွင်း စစ်တမ်းကောက်ယူနေသူတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်သည့် ရပ်/ရွာများအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်လေယာဉ်များဖြင့် ဗုံးများကြဲချခြင်းနှင့် စစ်ရေယာဉ်များပေါ်မှ အမြောက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများအပြင် အမျိုးသမီးများအားအုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ လူမဆန်စွာသတ်ဖြတ်ခြင်းနှင့် ရပ်/ရွာများကို မီးရှို့ဖျက်ဆီးခြင်းများစသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြကြောင်း သိရသည်။
“င/တန်ပျင်းရွာမှာဆိုရင် သားမိနှစ်ယောက်ကို အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့တယ်။ ဒါတွေဟာ criminal case ပေါ့။ မှတ်တမ်းတွေအရတော့ အရေးယူကိုယူရမယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာက သူတို့ အုပ်စိုးနေတာဖြစ်တဲ့အတွက် အရေးယူလို့တော့ မရသေးဘူး။ မှတ်တမ်းအနေနဲ့ ယူထားပြီး နိုင်ငံတကာ ခုံရုံးကို တင်ပြသွားရမှာပေါ့”ဟု လူ့အခွင့်အရေးလေ့လာသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီးနောက် မင်းပြားမြို့ကို လက်လွှတ်လိုက်ရသော စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေခဲ့ကြောင်း ဒေသခံများထံက သိရသည်။