ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျေးရွာများ၌ စစ်မှုထမ်းရန်အတွက် တစ်ရွာလျှင် လူငါးဦးပေးရန် စစ်ကောင်စီက အတင်းအကျပ်တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများသည် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သော ဒေသဖြစ်ပြီး အဆိုပါကျေးရွာများ၌ စစ်တပ်က ယခုကဲ့သို့ ပြုလုပ်နေခြင်းလည်းဖြစ်သည်။
“ မဲနှိုက်ဖို့ လုပ်နေကြတယ်။ အုပ်ကြီးတွေက လာတောင်းတာ။ ငါးယောက် တောင်းတယ်။ ဟိုဘက်ရွာက သုံးယောက်တဲ့ ” ဟု သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်မှုထမ်းရန် လူတောင်းခံရာ၌ အသက် ၃၀မှ ၅၅နှစ်အရွယ် ဒေသခံများကို ရွေးချယ်နေခြင်းဖြစ်ပြီး အမျိုးသားများအပြင် အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။
ယင်းကြောင့် ဒေသခံများသည် စိုးရိမ်ထိတ်လန့်နေပြီး ဒေသခံအများအပြား ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးသည်များလည်း ရှိနေသည်။
“ သစ်ငုပ်တို ရွာမှာ အကုန်ပြေးကုန်ပြီ။ သူတို့က စိတ်ထဲထင်တာ ပြေးရင် တပ်ထဲမဝင်ရတော့ဘူးပေါ့။ ရိုးလည်းရိုးကြတာကို၊ မဲနှိုက်ရွေးချယ်ပြီးတဲ့သူတွေကို စစ်တပ်က ဘယ်နေရာကိုပို့မယ်ဆိုတာလဲ ဘာမှ မသိရသေးဘူး” ဟု အဆိုပါ ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်၌ စစ်ရှုံးလျက်ရှိနေပြီး ရက္ခိုင့်တပ်တော်က ပလက်၀၊ မြောက်ဦးအပါအဝင် မြို့ငါးမြို့ထက်မနည်း သိမ်းပိုက်ထားနိုင်ပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေကိုပါ သိမ်းပိုက်နိုင်ရန် အလားအလားကောင်းနေ ကြောင်း စစ်ရေးသုံးသပ်သူများက ဆိုသည်။