ရခိုင်ပြည်နယ်အပါအဝင် စစ်မျက်နှာ ၆ ခုတွင် စစ်ကောင်စီက တရုတ်ထုတ် အပေါ့စားထောက်ပို့လေယာဉ် Y-12 ကိုအသုံးပြု၍ အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ EAR က ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် တရုတ်ထုတ် Y-12 အပေါ့စားလေယာဉ်ဖြင့်လည်း နိုဝင်ဘာ ၂၀ မှ ဒီဇင်ဘာ ၃ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၁၀၂၇ စစ်ဆင်ရေးမစခင် ရှေ့ပိုင်းတော်လှန်ရေးအချိန်တွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စစ်တပ်က Yak-130၊ K-8 နဲ့ A-5 တွေကို အဓိကအသုံးပြုခဲ့ပါတယ်။ JF-17 တွေကိုတော့ ရခိုင်နဲ့ ကရင်ဒေသ လေကြောင်းတိုက်ခိုက်မှုတွေအတွက် သုံးစွဲခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တော်လှန်ရေး အရှိန်ရလာတဲ့နောက် စစ်မျက်နှာကျယ်ပြန့်လာတာနဲ့အမျှ စကစအနေနဲ့ လေကြောင်းပစ်ကူပေးဖို့ လေယာဉ်တွေ လုံလုံလောက်လောက် မရှိတာတွေကြောင့် မရှိ၊ ရှိတာတွေကို ထုတ်သုံးလာတယ်လိုပဲ ဆိုရမှာဖြစ်ပါတယ်”ဟု လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ EAR က တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရုတ်ထုတ် Y-12 အပေါ့စားထောက်ပို့လေယာဉ်များကို ယခင်က သယ်ယူပို့ဆောင်ရေးနှင့် လေထီးခုန်လေ့ကျင့်ရေးနေရာများတွင် အများဆုံးအသုံးပြုခဲ့ပြီး ယခုနောက်ပိုင်း အဆိုပါလေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင်လည်း တစ်ကြိမ်လျှင် ဗုံးသီး ၄ လုံးမှ ၄၅ လုံးအထိ ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ဆင်ရေး နယ်မြေတွေမှာ မြေပြင်တိုက်ပွဲတွေကို စစ်ကောင်စီက ဖော်ဆောင်ဖို့အတွက် မလွယ်တော့တဲ့ အနေအထားဖြစ်တယ်။ သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် လုပ်လာတာကို တွေ့ရတယ်။ သူတို့အနေနဲ့ တရုတ်ထုတ်တဲ့ အပေါ့စားသယ်ပို့လေယာဉ်တွေကို သုံးလာတာဟာလည်း နည်းဗျူးဟာရော၊ မဟာဗျူဟာပိုင်းမှာပါ အရေးနိမ့်လာတဲ့အတွက် သုံးလာတာဖြစ်တယ်။ နောက်မဆုတ်တမ်း တိုက်ပွဲဝင်မယ်ဆိုတဲ့ အနေအထားနဲ့ လုပ်ဆောင်လာတာဖြစ်တယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
တရုတ်ထုတ် Y-12 အပေါ့စားထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများသည် ပစ်မှတ်ကို တိတိကျကျချိန်ရွယ်ကြဲချခြင်းမဟုတ်သဖြင့် ထိရောက်မှုအားနည်းမည်ဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီအနေဖြင့် အရပ်သားပစ်မှတ်များကိုပါ အဓိကထား ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် သတိလက်လွတ်ပေါ့ဆ၍ မရကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို သုံးပြီးတော့ တိုက်ခိုက်မှု ပြုလုပ်တာဟာ သူတို့(စစ်ကောင်စီ) အခြေအနေက နောက်ဆုံးအခြေအနေဖြစ်သွားလို့ပဲ။ နောက်တစ်ခုက တရုတ်အစိုးရကို အကူအညီတောင်းပေမယ့်လည်း လက်တွေ့မှာက အလုပ်မဖြစ်ဘဲမြေပြင်မှာ အရေးနိမ့်နေဆဲပဲ။ အရှုံးကို လက်မခံနိုင်လို့ ဆက်ပြီးတော့လည်း မိုက်တွင်းနက်နေမှာဖြစ်လို့ Y-12 တွေကို ထုတ်သုံးလာတာလို့ သုံးသပ်လို့ရတယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
အင်ဂျင်နှစ်လုံးတပ်ဆင်ထားသည့် အပေါ့စား ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးလေယာဉ် Y-12 သည် မိုင် ၈၀၀ အကွာအဝေးထိပျံသန်းနိုင်ပြီး လေထုထဲတွင် ၅ နာရီကျော်ကြာအောင် ပျံသန်းနိုင်ခြင်း၊ ကိုယ်ထည်သေးငယ်ပြီး ပြေးလမ်းတိုတိုသာလိုအပ်၍ လေယာဥ်ကွင်းမရွေးဘဲ အတက်၊ အဆင်းပြုလုပ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် Y-12 လေယာဥ် ၆ စီးရှိပြီး မှော်ဘီ၊ မကွေး၊ နေပြည်တော်၊ မုံရွာနမခ၊ မော်လမြိုင် ရတခနှင့် တောင်ငူလေဆိပ်၊ လေတပ်များမှ ပျံသန်းမှုများပြုလုပ်နေပြီး လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ EAR က ရရှိထားသော မြေပြင်အချက်အလက်များနှင့် တပ်တွင်း သတင်းများအရ Y-12 လေယာဥ်ပေါ်တွင် ဗုံးသီးများကိုတင်ဆောင်၍ လေယာဥ်၏ အနောက်ဘေးတံခါးကိုဖွင့်ကာ ကြဲချနေခြင်းဖြစ်ကြောင်း သိရသည်။